မိုင်းဆတ်မြို့ လုံခြုံရေးမစောင့်နိုင်သည့်အိမ် ကျပ် (၈) ထောင် ပေးရ

မိုင်းဆတ်မြို့ လုံခြုံရေးမစောင့်နိုင်သည့်အိမ် ကျပ် (၈) ထောင် ပေးရ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ကျောင်းလုံခြုံးရေးအတွက် သွားရောက်မစောင့်ပါက တရက်လျှင် ကျပ်ငွေ (၈)ထောင်ပေးနေရကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီမှ ကျောင်းအပ်ခွင့်စလက်ခံသည့် (မေ ၂၄) ရက်မှစပြီး ပြည်သူများကို ကျောင်းလုံးခြုံရေးအရ သွားရောက်စောင့်ခိုင်းပြီး၊ သွားရောက်မစောင့်နိုင်ပါက တအိမ်လျှင် တရက် ကျပ်ငွေ (၈) ထောင် ပေးဆောင်ရမည်ဖြစ်ကြောင်း မိုင်းဆတ်ဒေသခံများက ပြောသည်။

“သူတို့ ၂၄ ရက်ကတည်းက လာစောင့်ခိုင်းတာ။ ဘယ်နေ့ထိစောင့်သွားရမလဲဆိုတာ မသိသေးဘူး။ ရက်အကန့်သတ်မရှိ စောင့်သွားရမယ်လို့ပြောတယ်။ တစ်ရက်ကို တစ်အိမ် အလှည့်ကျ သွားစောင့်ပေးနေရတယ်။ ကျောင်းဖွင့်လည်း အလှည့်ကျ စောင့်ရမယ်လိုပြောတယ်။ သွားမစောင့်ရင် တအိမ်ကို ၈ ထောင်ကျပ်ပေးရမယ်” ဟု မိုင်းဆတ်မြို့ဒေသခံတစ်ဦးက ပြောသည်။

ကျောင်းလုံးခြုံရေးအပြင် မြို့အဝင်/အထွက်တွင်လည်း ပြည်သူများ အလှည့်ကျ တစ်အိမ်တစ်ယောက် သွားစောင့်ပေးနေရကြောင်း သိရသည်။

“တစ်အိမ်ကို တစ်ယောက်သွားစောင့်ပေးရတာ။ ယောကျားလေးတွေဘဲ သွားစောင့်ပေးရတာ။ ယောကျားလေးမရှိတဲ့အိမ်ဆို မိန်းခလေးက သွားစောင့်ပေးရတာ။ ကိုယ်စရိတ်နဲ့ကိုယ်ဘဲ။ နေ့လည်စာတောင် အိမ်ကနေ ထမင်းချိုင်းထုတ်သွားခိုင်းတာ။ ထ ၂ ကျောင်းမှာက မစောင့်နိုင်င်တဲ့အိမ်ဆို ၈၀၀၀ ပေးရတယ်။ ငြင်းလို့မရဘူး” ဟု မိုင်းဆတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းဆတ်မြို့ပြည်သူများသည် မနက်ပိုင်း ၆ နာရီမှ ညနေပိုင်း ၄ နာရီအထိ ကျောင်းလုံခြုံရေးအတွက် သွားရောက်စောင့်ကြည့်ပေးနေရကြောင်း၊ ထိုလုပ်ဆောင်မှုများကို မြို့နယ်က ညွှန်ကြားထားကြောင်း ဒေသခံများကပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီမှ ပြည်သူများကို နည်းလမ်းမျိုးစုံဖြင့်ခြိမ်းခြောက်ကာ ၎င်းတို့စေလိုရာအတိုင်း လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။