ပြည်သူ့စစ်ခေါင်းဆောင်အား သွားရောက်ပစ်ခတ်သည့် KIA လေးဦး သေဆုံး

ပြည်သူ့စစ်ခေါင်းဆောင်အား သွားရောက်ပစ်ခတ်သည့် KIA လေးဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင်နေအိမ်ပစ်ခတ်မှုအတွင်း လာရောက်ပစ်ခတ်သူ လေးဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းမှစတင်၍ ကျေးရွာအတွင်း လုံခြုံရေးတင်းကြပ်ထားသည်ဟု ဒေသခံများက ပြောသည်။

မေလ ၂၅ ရက်နေ့ ညနေပိုင်း ၃ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့သည့် အဆိုပါပစ်ခတ်မှုတွင် လာရောက်ပစ်ခတ်သည့်သူများထဲမှ ၄ ဦးသေဆုံးပြီး၊ ရွှေတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရှဒူးဇွပ်ကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

“ဒီ KIA တပ်မဟာ ၂ ကလို့ပြောတယ်။ ၇ ယောက်လာတယ်၊ ပြည်သူ့စစ်ခေါင်းဆောင်ကို သူ့အိမ်ထဲမှာရှိတယ်ဆိုပြီး လာပစ်တာတဲ့။ လာပစ်တော့ သူတို့ရောက်ခါနီးတာနဲ့ ကင်းစောင့်နေတဲ့ ၂၉၇ တပ်ရင်းက သူတို့လာတဲ့အဖွဲ့တွေကို တစ်ခါတည်းပြန်ပစ်ကြတာ။ အဲ့မှာ KIA စစ်သား လေးယောက်က တခါတည်းသေသွားရော။ ပြည်သူ့စစ်ခေါင်းဆောင် ထိ/မထိတော့ ဘာမှမကြားရဘူး။ ထိရင်တော့ သတင်းထွက်မှာ အခု ဘာသံမှမကြားရဘူး။ ဒါပေမယ့် အဲ့မှာ ရွှေလုပ်တဲ့ လောပန်းတစ်ယောက်တော့ ရှပ်ထိသွားတယ်။ ဒီမှာက ရွှေကျင်တဲ့ ရွှေမှော်တွေရှိတယ်။ အဲ့ဒါ သူက အဲ့အိမ်ကိုရောက်နေတယ်လို့ ပြောတယ်”

သေဆုံးသူ ၄ ဦးမှာ KIA ကဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေသော်လည်း KIO/KIA ထံမှာ သီးခြားအတည်ပြုချက် မရရှိသေးပေ။ အခြေအနေသိရှိနိုင်ရေး ဖုန်းဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့်ပြန်ကြားရေးဌာနကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

သေဆုံးသူများ၏ ရုပ်အလောင်းများကို ကားမိုင်းရဲစခန်းကို သယ်သွားသည်ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

“ကျနော်ကြားသလောက်ကတော့ ကားမိုင်းရဲစခန်းကို သယ်သွားတယ်လို့ ကြားတယ်။ အဲ့ဒီပစ်ခတ်တဲ့ညမှာပဲ။ ပစ်ခတ်တဲ့ညနေဆို စျေးထဲမှာရော လိုက်ပစ်တယ်၊ ရွာထဲမှာလည်း သေနတ်တွေနဲ့ လိုက်ပစ်တယ်။ လမ်းတွေပိတ်တယ် လမ်းသွားလမ်းလာတွေကို စစ်ဆေးတယ်။ အဲ့လိုမျိုးတွေလုပ်တယ်။ ဒီနေ့ဆို ရွာမှာ လုံခြုံရေးတင်းကြပ်တယ်။ ရွာအဝင်မှာရှိတဲ့ ဂိတ်မှာ ဒီရွာကမဟုတ်ရင် စစ်ပြီး ဘယ်သူ့ကိုမှမဝင်ခိုင်ဘူး ဟုတ်တယ်။”

ဒေသခံတစ်ဦးကလည်း “ပြည်သူ့စစ်ဆိုတာက စစ်တပ်ဘက်ကနေ ညာလက်ရုံးပဲလေ။ စစ်တပ်က ခိုင်းစားလို့ရတဲ့အဖွဲ့ပဲလေ။ အဲ့ဒီ ၂၉၇ တပ်ရင်းရဲ့ လက်ထောက်ပဲလေ။ ဒေသခံတွေက ဘယ်သူမှမကြိုက်ဘူး။ အခု KIA စစ်သားတွေ သေတယ်ကြားတော့ ပြည်သူတွေက စိတ်မကောင်းကြဘူး” ဟု ပြောသည်။

ရှဒူးဇွပ်ကျေးရွာအဝင်ရှိ မိုးကောင်းချောင်း သံပေါင်တံတားတွင် ယနေ့နံနက်ပိုင်းမှစတင်၍ စစ်ကောင်စီတပ်က ကားနှစ်စီးဖြင့် စစ်သားများ လာရောက်ချထားပြီး ရွာအဝင်/အထွက်များကို စစ်ဆေးနေသည်ဟု ရှဒူးဇွပ်ဒေသခံများက ပြောသည်။

ရှဒူးဇွပ်ကျေးရွာတွင် ယခုခါ ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ချင်သူများအနေဖြင့် ဒေသအခြေစိုက် အာဏာသိမ်းစစ်ကောင်စီ၏ တပ်၊ ဒေသအတွင်းရှိ ပြည်သူ့စစ်အဖွဲ့များ၊ လက်နက်ကိုင်အဖွဲ့များနှင့်ညှိနှိုင်းကာ အခွန်များပေးဆောင်ပြီး ၎င်းတို့၏ ခွင့်ပြုမိန့်ရပါက လုပ်ငန်းလုပ်ကိုင်ရသည်ဟု ဒေသခံများက ပြောသည်။

ရှဒူးဇွပ်ကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးမင်းသန့်ဇင်၏နေအိမ်အား အရပ်ဝတ်ဝတ်ဆင်ထားသည့် သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ခဲ့ရာ၊ ၎င်း၏နေအိမ်အပေါက်ဝတွင် ကင်းစောင့်ပေးနေသည့် စစ်ကောင်စီတပ်ရင်း ၂၉၇ က စစ်သားများက ပြန်လည်ပစ်ကူခဲ့ခြင်းဖြစ်သည်။

August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...
August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...