မော်လမြိုင်တက္ကသိုလ်က ပါမောက္ခများအပါအဝင် ဝန်ထမ်း ၁၅၅ ဦးအား ထုတ်ပယ်

မော်လမြိုင်တက္ကသိုလ်က ပါမောက္ခများအပါအဝင် ဝန်ထမ်း ၁၅၅ ဦးအား ထုတ်ပယ်

မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်မှ ပါမောက္ခများအပါအဝင် ပညာရေးဝန်ထမ်း ၁၅၅ ဦးကို မေလ ၂၁ ရက်နေ့မှစ၍ ရာထူးမှ ထုတ်ပယ်ကြောင်း မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒု-ပါမောက္ခချုပ်တို့၏လက်မှတ်ဖြင့် ကြေညာလိုက်သည်။

ဝန်ထမ်း ၁၅၅ ဦးတို့သည် ခွင့်စည်းကမ်းများကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊ ဥပဒေနှင့်အညီ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်းတို့ကြောင့် နိုင်ငံ့ဝန်ထမ်းဥပဒေအရ ရာထူးမှ ထုတ်ပယ်ခြင်းပြစ်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်သည်ဆိုပြီး ထုတ်ပြန်စာတွင်ပါရှိသည်။

“ရာထူးကနေ ထုတ်ပယ်ကြောင်း ထုတ်ပြန်ထားတဲ့စာမှာတော့ တကယ်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး မကျေနပ်ဘူးဆိုရင် အယူခံလွှာတင်သွင်းနိုင်တယ်ဆိုပြီး ပြောထားတယ်။ စစ်အာဏာရှင်ကိုဆန့်ကျင်လို့ ကနဦးက တာဝန်ကနေ ယာယီရပ်ဆိုင်းခံရတယ်။ ဆက်ပြီး ဆန့်ကျင်လာတယ် အခုတော့ ရာထူးကနေ ထုတ်ပယ်ခံရတယ်” ဟု အရာထမ်းတစ်ဦးက ပြောသည်။

ရာထူးထုတ်ပယ်ခံရသူများအနေဖြင့် ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက အမိန့်ကြေငြာစာ လက်ခံရရှိသည့်နေ့မှစ၍ ၆ လအတွင်း နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၏ ပြဌာန်းချက်များနှင့်အညီ အယူခံလွှာတင်သွင်းနိုင်သည်ဟု မော်လမြိုင်တက္ကသိုလ်က ထုတ်ပြန်ထားသည်။

ရာထူးမှ ထုတ်ပယ်ခံရသည့် အရာထမ်းများသည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ထားသည့်အတွက် တာဝန်မှ ယာယီရပ်ဆိုင်းခံထားရသူများဖြစ်ပြီး ဘာသာရပ်ပေါင်းစုံတို့က ပါမောက္ခ (ဌာနမှူး)၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိကနှင့် စာကြည့်တိုက်မှူးတို့ ပါဝင်သည်ဟု ထုတ်ပြန်စာအရ သိရသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်သည့်အတွက် မော်လမြိုင်တက္ကသိုလ်မှ ဝန်ထမ်း ၂၀၀ ကျော် တာဝန်မှ ယာယီရပ်ဆိုင်းခံထားရသည်။

တာဝန်မှ ယာယီရပ်ဆိုင်းခံထားရစဉ် အာဏာသိမ်းစစ်ကောင်စီတို့၏ ဖိအားပေးခြိမ်းခြောက်ခြင်း အမျိုးမျိုးခံခဲ့ရသည်ဟု ဆရာ/ဆရာမများက ပြောသည်။

သို့သော်လည်း CDM လှုပ်ရှားမှုတွင် ဆက်လက်ပါဝင်ခဲ့ခြင်းကြောင့် ဝန်ထမ်း ၁၅၅ ဦးကို ယခုကဲ့သို့ ရာထူးမှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

မော်လမြိုင်တက္ကသိုလ်နည်းတူ နည်းပညာတက္ကသိုလ် (မော်လမြိုင်) မှ အရာထမ်း ၄၀ ကျော်တို့လည်း ရာထူးမှ ထုတ်ပယ်ခံရကြောင်း သိရသည်။

August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...
August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...