အာဏာသိမ်းစစ်တပ် သတ်ဖြတ်မှုကြောင့် အနည်းဆုံး ကလေး ၇၃ ဦး သေဆုံး

အာဏာသိမ်းစစ်တပ် သတ်ဖြတ်မှုကြောင့် အနည်းဆုံး ကလေး ၇၃ ဦး သေဆုံး

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အနည်းဆုံးသေဆုံးသူ ကလေးသူငယ် ၇၃ ဦးရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေလ ၂၆ ရက်နေ့ (ယနေ့) တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။

ထိုကလေးသူငယ်များမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ (၃) လအတွင်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့် ကလေးသူငယ်များဖြစ်သည်ဟု NUG ကဆိုသည်။

NUG က “ဖေဖော်ဝါရီ (၁၅) ရက်ကနေ မေလ (၁၅) ရက်နေ့အတွင်း စစ်အုပ်စုရဲ့သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကလေးသူငယ်များစာရင်းပါ။ ဒီရက်ပိုင်းအတွင်း တစ်နိုင်ငံလုံးမှာ အသက် (၁၈) နှစ်အောက် ကလေးစုစုပေါင်း (၇၃) ဦး‌ သတ်ဖြတ်ခံခဲ့ရပါတယ်။ ယောကျ်ားလေး (၆၃) ဦး မိန်းကလေး (၉) ဦးဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် နောက်ထပ်တစ်ဦးမှာ ကျား/မ ခွဲခြားရန် မသေချာသူတစ်ဦး ပါဝင်သည်ဟုဆိုသည်။

ထို့ကြောင့် မေလ ၁၅ ရက်နေ့အထိ ကလေးသူငယ် သေဆုံးသူ ၇၃ ဦး ရှိပြီဖြစ်ပြီး ယခုထုတ်ပြန်ချက်သည် မေလ ၁၅ ရက်နေ့နောက်ပိုင်း ဖြစ်စဉ်များတွင် သေဆုံးမှုစာရင်းများ မပါဝင်ပေ။

သေဆုံးသွားသည့် ကလေးသူငယ်များသည် လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်နေစဉ် ပစ်ခတ်သတ်ဖြတ်ခံရခြင်း၊ နေအိမ်များထဲသို့ စစ်ကောင်စီတပ်များက ဝင်ရောက်သတ်ဖြတ်ခံရခြင်းနှင့် အချို့မှာ အိမ်အပြင်တွင်ဆော့ကစားနေစဉ် သေနတ်ထိမှန်သေဆုံးခဲ့သည်ဟု NUG ၏ ထုတ်ပြန်ချက်က ဆိုသည်။

ယခုထုတ်ပြန်ထားသည့် သေဆုံးသူ ကလေးသူငယ်စာရင်းများသည် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသည့်စာရင်းများ မပါဝင်သေးကြောင်း NUG က ပြောသည်။

“အခုစာရင်းထဲမှာ အခုနောက်ပိုင်း တစ်မြို့လုံးကို ပစ်မှတ်ထား ချေမှုန်းတိုက်ခိုက်ခံရတဲ့ မင်းတပ်၊ ကနီ၊ ဒီမောဆို စတဲ့ဒေသတွေက သေဆုံးစာရင်းတွေ မပါသေးပါဘူး။ ဒီစာရင်းတွေကို နောက်ထပ်ထပ်တိုး စုဆောင်းတင်ပြပါမယ်။ မိုးမောက်‌မြို့နယ်အတွင်း အသက် (၁၂) နှစ်အရွယ်ကလေးတယောက် လက်နက်ကြီးထိမှန်ပြီး သေဆုံးတာမျိုး စတဲ့သတင်းတွေ ထပ်ရထားပါတယ်” ဟု NUG ၏ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

ပြည်သူများအနေဖြင့်လည်း လူ့အခွင့်ရေးချိုးဖောက်ခံရမှု သတင်းများကို စုဆောင်းပေးပို့ကြဖို့ NUG အစိုးရက တိုက်တွန်းထားသည်။

စစ်အာဏာသိမ်းခြင်းကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ပြည်သူများကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်တိုက်ခြင်းကြောင့် မေလ ၂၅ ရက်နေ့အထိ သေဆုံးသူ ၈၂၇ ဦးရှိခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကလည်း ထုတ်ပြန်ထားသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...