ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ဒေသခံလူငယ် ၇ ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ညက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဖားကန့်မြို့၊ မမုံကျေးရွာက ဒေသခံလူငယ် ၇ ဦးကို မေလ ၂၅ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်များပစ်ဖောက်ကာ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများကပြောသည်။
မမုံကျေးရွာက ဒေသခံတစ်ဦးက “မနေ့ညက ၁၁ ခွဲက ဟုတ်တယ်။ ရွာထိပ်မှာ ကင်းစောင့်နေတဲ့ လူငယ် ၇ ဦးကို ဖမ်းသွားတာဟုတ်တယ်။ နောက်ဆက်တွဲက သူတို့ ဖားကန့်မြို့မရဲစခန်းမှာ ၅၀၅ နဲ့ဖွင့်ဖို့ လုပ်နေတယ်လို့ကြားတယ်။ သူတို့မိဘတွေကတော့ ရင်ထဲမှာ ဘယ်ကောင်းပါ့မလဲ၊ ကိုယ်မွေးထားတဲ့ သားသမီးကို။ သူတို့ကို သေနတ်ပစ်ဖောက်ပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွားတာဗျ” ဟု ပြောသည်။
မမုံကျေးရွာက လူငယ်များကို ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် တပ်မ ၃၃ ကစစ်သားများနှင့် ဖားကန့်မြို့နယ်စခန်းမှူးအဖွဲ့တို့က သေနတ်ပစ်ဖောက်ကာ လာရောက်ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့ညက စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသူများသည် တက္ကသိုလ်ကျောင်းသားများဖြစ်ပြီး ရပ်ရွာလုံခြုံရေးအတွက် ကင်းစောင့်ပေးနေသည့် လူငယ်များဖြစ်သည်ဟု ပြောသည်။
“သူတို့အကုန်လုံးက တက္ကသိုလ်ကျောင်းသားတွေကြီးပဲ။ သူတို့က ဖေဖော်ဝါရီလ ၁ ရက်နေ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ရပ်/ရွာလုံခြုံရေးအတွက်ဆိုပြီး ကိုယ့်ရပ်/ရွာကို ကိုယ့်ဟာကိုယ်ပဲ စောင့်ကြတော့တာ။ သူများကိုသွားပြီး ရန်မူဖို့မဟုတ်ဘူး။ ကိုယ့်ရွာကိုယ် မီးကွင်းပစ်သော်လည်းကောင်း၊ မလိုသူတစ်ဦးဦးက အကြောင်းအမျိုးမျိုးကြောင့် ရွာထဲကို တစ်ခုခုလုပ်တာမျိုးတွေပေါ့ အဲ့ဒါတွေ ကြောင့် ရွာရဲ့ ဝင်ပေါက်ထွက်ပေါက်တွေကို လုံခြုံရေးစောင့်ကြတာဗျ” ဟု ၎င်းကဆက်ပြောသည်။
ထို့နောက် ယနေ့နံနက်ပိုင်းတွင်လည်း ဖားကန့်မြို့ထဲက နေရာနှစ်နေရာတွင်း လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။
ယနေ့ နံနက်ပိုင်းက ဖားကန့် စပေါ့ကျေးရွာက အသက် ၂၅ နှစ်အရွယ် ပရဟိတလူငယ်တစ်ဦးကိုလည်း အမည်မသိ လက်နက်ကိုင်လူတစ်စုက ဝင်ရောက်ပစ်ခတ်ခဲ့သည့်အတွက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးသွားသည်။
ထို့အပြင် ဖားကန့်မြို့တွင် ယနေ့နံနက်ပိုင်းကစတင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဖားကန့်ဒေသခံများက ပြောသည်။
“ဒီနေ့လည်း လမ်းမှာ ရဲရော စစ်တပ်တွေရောက ကားရော၊ ဆိုင်ကယ်တွေရော အကုန်လုံးစစ်ဆေးနော်။ ဆိုင်းတောင်မှာက တံတားမရောက်ခင်မှာ ရဲတွေရှိနေတယ်။ ဟိုနောက်ပြီး ဖားကန့်မှာရော ရဲတွေရှိတယ်။ နောက်ပြီး ဟိုဘက်ကမ်း ဖားကန့်ကြီးနဲ့ ဆန်းကြွယ်အစပ်မှာ၊ ဆန်းကြွယ်တော့ မရောက်ဘူး။ ဖားကန့်ကြီးအထွက်မှာပေါ့ အဲ့မှာရော လမ်းသွားလမ်းလာတွေ အကုန်လုံးကိုစစ်နေတာ” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
ဖားကန့်မြို့ မမုံကျေးရွာတွင် မေလ ၁၀ ရက်နေ့ကလည်း ဒေသခံရွာသား ၁၂ ဦးကို ဖမ်းဆီးသွားခဲ့ရာ ယခုခါ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားသည်။
“အလားတူ မေလ ၁၀ ရက်နေ့ မနက် ၄ နာရီခွဲကလည်း အိမ်တစ်အိမ်ကို စစ်ကောင်စီအဖွဲ့တွေက ဝင်ပြီးတော့ ဖမ်းသွားတာရှိတယ်။ ၁၂ ယောက်။ ၁၂ ယောက်ကိုလေ။ အဲ့ ၁၂ ယောက်ကိုတော့ ၅၀၅ နဲ့ ဖွင့်ထားတယ်လို့ကြားတယ်။ မမုံရွာကဟုတ်တယ်ဗျ။ မမုံရွာထဲကို ဝင်ပြီးတော့ အိမ်ကို ခြံစည်းရိုးဖျက်ပြီးတော့ အဲ့ဒီအိမ်ထဲကို ဝင်ဖမ်းသွားတာဗျ။ မေလ ၁၀ ရက်နေ့ကတော့ ပစ်ခတ်မှုဖြစ်လိုက်သေးတယ်။ စစ်ကောင်စီဘက်ကပစ်လို့” ဟု မမုံကျေးရွာက ဒေသခံက ဆက်ပြောသည်။
ထို့သို့ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည့်အတွက် မမုံကျေးရွာအနီးက အခြားသောရွာများကလည်း စိုးရိမ်နေကြသည်ဟု “ဒါကတော့ စိုးရိမ်တာပေါ့။ အခု မမုံဖမ်းသွားပြီဆိုတော့ တခြားရွာတွေလည်း ဘယ်လိုလာဖမ်းမလဲ၊ ဘယ်အချိန်လာမလဲ အဲ့လိုမျိုးစိုးရိမ်တာပေါ့” ၎င်းက ဆက်ပြောသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မေလ ၂၄ ရက်နေ့ထိ ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝှမ်းလုံးတွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၄၃၀၁ ဦးရှိပြီး ၎င်းတို့အနက် ၉၆ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု သိရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၈၄၁) ဦးရှိသည်ဟု AAPP က ထုတ်ပြန်ထားသည်။







