အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ မော်လမြိုင်တက္ကသိုလ်က ဆရာ/ဆရာမ ၁၅၅ ဦးကို ရာထူးမှထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တက္ကသိုလ် ဆရာ/ဆရာမ ၁၅၅ ဦးဟာ အကြောင်းပြချက်မရှိဘဲ တာဝန်ပျက်ကွက်ခြင်း၊ စည်းကမ်းဖောက်ဖျက်ခြင်း စတဲ့အချက်တွေနဲ့ မေလ ၂၁ ရက်က ရာထူးမှ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
ရာထူးမှ ထုတ်ပယ်ခံရတဲ့ ဆရာ/ဆရာမတွေက ပြီးခဲ့တဲ့လထဲက တာဝန်မှ ယာယီရပ်ဆိုင်းခံခဲ့ရတဲ့သူတွေဖြစ်ပါတယ်။
ရာထူးပြန်ရဖို့အတွက် ထုချေလွှာတင်တာတွေ၊ တောင်းပန်စာရေးတာတွေ လုပ်မှာမဟုတ်ဘူးလို့ ရာထူးမှထုတ်ပယ်ခံရတဲ့ ကထိကဆရာမတစ်ဦးက ပြောပါတယ်။
CDM စလုပ်ထဲက ပါဝင်ခဲ့တာဖြစ်တဲ့အတွက် အဆုံးထိ ဆက်လျှောက်မှာဖြစ်တယ်လို့ ဆက်ပြောပါတယ်။
တက္ကသိုလ် ဆရာ/ ဆရာမ ၁၅၅ဦးဟာဆိုရင် ပါမောက္ခ (ဌာနမှူး)၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိကနဲ့ စာကြည့်တိုက်မှူး ရာထူးရှိတဲ့သူတွေဖြစ်ပါတယ်။
မေလ ၂၂ ရက်နေ့မှာလည်း CDM ပါဝင်တဲ့ မော်လမြိုင်နည်းပညာတက္ကသိုလ်က ဆရာ/ဆရာမ ၄၇ ဦးကို ရာထူးမှထုတ်ပယ်ကြောင်း စာထုတ်ခဲ့ပါသေးတယ်။
မွန်ပြည်နယ် ဆယ်မြို့နယ်အတွင်းက အခြေခံပညာရေးဦးစီးဌာနက ဆရာ/ဆရာမ ၃၀၀၀ ကျော်ကိုလည်း CDM မှာ ပါဝင်ပတ်သက်နေတယ်ဟုဆိုကာ တာဝန်ကနေ ယာယီရပ်ဆိုင်းခဲ့ပါတယ်။



