ပရဟိတလူငယ်တစ်ဦး ဖားကန့်တွင် ပစ်သတ်ခံရ

ပရဟိတလူငယ်တစ်ဦး ဖားကန့်တွင် ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့က ပရဟိတလူငယ်တစ်ဦးကို အမည်မသိ လက်နက်ကိုင်ဆောင်ထားသည့် လူတစ်စုက လာရောက်ပစ်သတ်သွားသည်ဟု သိရသည်။

ဖားကန့်မြို့၊ စပေါ့ကျေးရွာမှ သင်္ခါလူမှုကူရေးအသင်းဝင် ပရဟိတလူငယ်တစ်ဦးသည် ၎င်း၏နေအိမ်တွင် ယနေ့နံနက် (၈) နာရီအချိန်ခန့်က ပစ်သတ်ခံလိုက်ခြင်းဖြစ်သည်ဟု ၎င်း၏လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတစ်ဦးက ပြောသည်။

“ဟုတ်တယ်။ လူငယ်တစ်ယောက်ပါ။ ကျနော်တို့ သင်္ခါအဖွဲ့ထဲကပဲ ဟုတ်တယ်။ ဒီနေ့ မနက် ၈ နာရီ ၁၀ မိနစ် လောက်မှာ အိပ်နေတဲ့အချိန်မှာ လာပစ်သတ်သွားတာ။ အခု သူ့အလောင်းက သူတို့အိမ်မှာပဲ ထားထားတယ်။ လူနည်းနည်းရှင်းနေတဲ့အချိန်မှာ ဖြစ်သွားတာဆိုတော့ ဘယ်သူတွေမှန်းမသိလိုက်ဘူး။ သေနတ်သံကြားလို့ ဘေးပတ်ဝန်းကျင်ကလူတွေ ထွက်ကြည့်တော့ ပစ်တဲ့လူတွေက ကားနဲ့ထွက်သွားပြီလို့ပြောတယ်။ ပစ်ပြီးတာနဲ့ ကားနဲ့ထွက်ပြေးသွားတာပါ” ဟု ပြောသည်။

အသက် ၂၅ နှစ်အရွယ် ကိုနေမျိုးထွန်းကို ၎င်း၏နေအိမ်တွင် အိပ်နေစဉ် ကားတစ်စီးဖြင့်ဝင်လာသည့် လက်နက်ကိုင်လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ခန္ဓာကိုယ်အရှေ့ဘက်ခြမ်းတွင် သေနတ်ဒဏ်ရာ ၃ ချက်ထိမှန်ပြီး သွေးအိုင်ထဲတွင် သေဆုံးနေခြင်းဖြစ်သည်ဟု ၎င်း၏ မိသားစုဝင်များက ပြောသည်။

သေဆုံးမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း မည်သို့ဆက်လုပ်မည်ကို မသိရသေးဘူးဟု ပြောသည်။

ယနေ့ အသတ်ခံခဲ့ရသည့် ကိုနေမျိုးထွန်းမှာ နိုင်ငံရေးသမားမဟုတ်ပဲ ပရဟိတလူငယ်၊ ရပ်ရွာထဲတွင် အားကိုးရသည့် လူငယ်တစ်ဦးဖြစ်သည်ဟု ပြောသည်။

“သူက နိုင်ငံရေးလည်းမလုပ်ဘူးနော်။ ပရဟိတစိတ်က ပြင်းထန်တယ်။ ကျနော်တို့ သင်္ခါရဲ့အဖွဲ့သားဟုတ်တယ်။ လူငယ်လေးပါ၊ အသက်က ၂၅ နှစ်ပဲ ရှိသေးတာပါ။ သူ့နာမည်က နေမျိုးထွန်းပါ။ အဖေက တရုတ်၊ မြန်မာပြည်ဖွားတရုတ်၊ အမေက ပလောင်ပေါ့။ အမေတော့မရှိတော့ဘူး။ အဖေနဲ့နေတာ ဟုတ်တယ်။ ရဲတွေကတော့ လာကြည့်သွားပြီ။ နယ်ခံရဲတွေရော၊ တခြားရဲတွေရော လာကြည့်သွားပြီ။ အမှုနဲ့ပတ်သက်ပြီး ဘာ ဆက်လုပ်မယ်မသိရသေးဘူး။ သူ့အဖေကတော့ အမှုမှန်မပေါ်မချင်း မြေမမြုပ်ဘူးလို့ပြောတာပဲ” သင်္ခါလူမှုကူညီရေးအသင်းက တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖားကန့်မြို့အတွင်းရှိ ဒေသခံပြည်သူများသာမက လူမှုကူညီရေးအသင်းအဖွဲ့များမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံမှုမရှိတော့ပဲ၊ အမြဲစိုးရိမ်ထိတ်လန့်မှုဖြင့် အသက်ရှင်နေရသည်ဟု ဖားကန့်ဒေသခံများက ပြောသည်။

“ဖားကန့်မှာကတော့ အားလုံးက ကျီးလန့်စာစားနေရသလိုအချိန်မျိုး ဖြစ်နေတာ။ ဘယ်ကောင်က ဘာမှန်းမသိဘူးဆိုတော့။ ချိုပါတဲ့အကောင်မဟုတ်တော့ အကုန်လုံးက ဘာမှမသိလိုက်ကြဘူး။ ဘယ်လိုဖြစ်လာမယ်ဆိုတာကိုမသိတော့ အမြဲတမ်း ခပ်လန့်လန့်နဲ့ နေနေရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်” ဟု ဖားကန့် မြို့၊ ဆိုင်းတောင်က ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် “ကျနော်တို့လည်း ပရဟိတအသင်းတွေလည်း စိတ်ချမှုမရှိတော့ဘူးဗျ။ တခါတလေကျရင် ညသန်းခေါင် လူနာပေါ်လာရင် လူနာပို့ရတာ အခက်အခဲရှိလာတယ်။ လမ်းမှာ လက်နက်ကိုင်အဖွဲ့အစည်းက ဘယ်အဖွဲ့မှန်းမသိဘူး ပရမ်းပဒါ ရန်ရှာတာမျိုးတွေရှိနေတော့ လူနာတွေကို ဆေးရုံဆေးခန်းတောင် မပို့နိုင်ဘူးဖြစ်နေတယ်။ အခုဆို ဖားကန့်မှာ လူနာရှိလာရင် ရပ်ကွက်ထဲက ဆရာ/ဆရာမတွေနဲ့ပဲ ဆေးကုနေရတယ်” ဟု သင်္ခါ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖားကန့်မြို့က ပြည်သူများသည် စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုများ၊ ဖမ်းဆီးမှုများ၊ ပိတ်ပင်တားဆီးမှုများကြားက နေ့စဉ်ရသည့်နည်းလမ်းဖြင့် ဆန္ဒထုတ်ဖော်လျှက်ရှိသည်။

ထိုဆန္ဒပြထုတ်ဖော်မှုများကို အကြောင်းပြပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက ပြည်သူများကို ခြိမ်းခြောက်ပစ်ခတ် ဖမ်းဆီးခြင်းများ၊ ပစ်သတ်နေခြင်းများ၊ နေအိမ်များထဲအထိ ဝင်ရောက်ရှာဖွေဖမ်းဆီးခြင်းများ၊ အများပြည်သူသွားလာနေသည့် လမ်းမများပေါ်တွင် လုံခြုံရေးအကြောင်းပြကာ လမ်းသွားလာလမ်းများကို တားဆီးကာ စစ်ဆေးခြင်းများ နေ့စဉ်ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...