စစ်ကောင်စီနှင့် TNLA မေလအတွင်း တိုက်ပွဲ ၆ ကြိမ်ဖြစ်

စစ်ကောင်စီနှင့် TNLA မေလအတွင်း တိုက်ပွဲ ၆ ကြိမ်ဖြစ်

တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား နမ့်ဆန်မြို့နယ်ထဲတွင် မေလ ၂၀ ရက်နေ့က တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည့်အတွက် မေလအတွင်း တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့ပြီဟု TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောသည်။

မေလ ၄ ရက်နေ့မှ ၈ ရက်အထိ ကွတ်ခိုင်မြို့နယ်အတွင်းတွင် ၅ ကြိမ်နှင့် မေလ ၂၀ ရက်နေ့က နမ့်ဆန်မြို့နယ်ထဲတွင် တစ်ကြိမ် စုစုပေါင်း ၆ ကြိမ် ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က သတင်းထုတ်ပြန်ထားသည်။

မေလ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က “တိုက်ပွဲက ၂၀ ရက်နေ့မှာ ဖြစ်တယ်။ ဖြစ်တဲ့နေရာကတော့ နမ့်ဆန်မြို့နယ်ရဲ့ အရှေ့ဖက် ၁၃ မိုင်လောက်ရှိမှာပေါ့။ အဲကနေ ကျနော်တို့ လမ်းဖက်ကနေဖြတ်ပြီးမှ လွယ်ဆိုင်ကနေဆင်းလာတဲ့ စစ်တပ်နဲ့တိုးပြီးတော့ တိုက်ပွဲဖြစ်ပွားတာဖြစ်တယ်။ အချိန်ကတော့ မနက် ၁၀ နာရီ ၉ နာရီ မတ်တင်းလောက်ဖြစ်တယ်။ တိုက်ပွဲကတော့ မိနစ်ပိုင်းလောက်ပဲဖြစ်တယ်” ဟု ပြောသည်။

နမ့်ဆန်မြို့နှင့် ၁၃ မိုင်ခန့်ဝေးသည့် မန်ကန်ကျေးရွာနှင့် ဟိုခေတ်ကျေးရွာအကြားတွင် စစ်ကောင်စီတပ်နှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ သကဲ့သို့  နမ့်ဆန်မြို့အတွင်းတွင်လည်း ထိုနေ့တွင် ဗုံးပေါက်ကွဲခဲ့သည့်အတွက် စစ်ကောင်စီမှ အရာရှိများအပါအဝင် ၅ ဦးသေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ကြားသိရကြောင်း ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ဆိုသည်။

၎င်းက “ဗုံးပေါက်ကွဲတာကတော့ ၂၀ ရက်နေ့ ည ၉ နာရီလောက်ကဖြစ်တယ်။ ဘယ်အဖွဲ့ဆိုတော့ ကျနော်တို့လည်းမသိဘူး။ ကျနော်တို့ မေးမြန်းရသလောက်ကတော့ အဲမှာက မိုင်းပေါက်ကွဲပြီးတော့မှ တပ်ဖက်က ဗိုလ်မှူးတစ်ဦးရယ်၊ ဗိုလ်ကြီးတစ်ဦးရယ်၊ အခြားအဆင့် ၂ ဦးနဲ့ ရဲမှူးတစ်ဦးပါတယ်။ အားလုံးပေါင်း ၅ ဦးကျတာပေါ့။ ၁၀ ဦးလောက်တော့ ဒဏ်ရာရတယ်။ မိုင်းပေါက်ကွဲလို့ အဲဒီနားမှာရပ်ထားတဲ့ အရပ်ဖက်ကား ၃ စီးလည်း မိုင်းစထိမှန်တာရှိတယ်။ အဲဒီအထက်မှာရှိတဲ့ ကျောင်းဆောင်လည်း မိုင်းစထိမှန်တာတွေရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် အဆိုပါ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် စစ်ကောင်စီဖက်မှ ယခင်ကအတိုင်း တပ်အင်အားတိုးချဲ့မှုများ ရှိနေသည်ဟု ဆက်ပြောသည်။

ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က “တပ်အင်အားတိုးချဲ့တာကတော့ တော်တော်လေးကြာပြီ အရင်ကလည်း ဒီအတိုင်းပဲ ဘာမှလျှော့သွားတာ မရှိဘူး။ အာဏာမသိမ်းခင်လည်း ဒီလောက်ပဲ အာဏာသိမ်းပြီးနောက်မှာတော့ အင်အားနည်းနည်းပြန်ဖြည့်တာရှိတယ်။ တပ်အပြောင်းအလဲတွေလည်းရှိတယ်။ အချိန်းအပြောင်းတွေတော့ရှိတယ်။ အင်အားလျှော့သွားတာတော့ မရှိဘူး” ဟု ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်မှ စစ်အာဏာသိမ်းပြီးနောက် ကချင်၊ ကရင်၊ ကယား၊ ချင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့နှင့် တိုင်းဒေသကြီးများတွင်း စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သကဲ့သို့ NUG က ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတို့အကြားတွင်လည်း တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် မိန်းပါးကျေးရွာမှာ မေလ ၂၂ ရက်နေ့ (ယမန်နေ့) နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်နှင့် ကိုးကန့် (MNDAA) တို့အကြား တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး အသေးစိတ်ကို မသိရသေးဘူးဟု ဒေသခံများက ပြောသည်။

August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...
August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...