စစ်ကိုင်းတိုင်း၊ ခန္တီးမြို့၊ နန်စီပွန် ကျောက်စိမ်းမှော်ဒေသရှိ စစ်ကောင်စီတပ်စခန်းအချို့အား ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းများကိုမီးရှို့ပြီး ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့ မေလ ၂၂ ရက်နေ့ နံနက်ပိုင်းတိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ဒု-ရဲအုပ်တစ်ဦးနှင့် ၎င်း၏အမျိုးသမီးအပြင် အခြားအဆင့် တပ်သားစုစုပေါင်း ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်။
နန်စီပွန် ကျောက်စိမ်းမှော်အတွင်းရှိ ဦးပိုင်ကုမ္ပဏီ၏ ကျောက်စိမ်းလုပ်ကွက်အချို့နှင့် စစ်ကောင်စီစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
“အခုနောက်ပိုင်း update က ရဲတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရပြီးတော့ ဒု-ရဲအုပ်နဲ့ အမျိုးသမီးအပါအဝင် အခြားအဆင့် ၉ ဦးတို့ကို KIA ကနေ ဖမ်းသွားတယ်ဆိုတာကို သိရတယ်။ အဲ့ဒါ နောက်ဆုံးအခြေအနေပေါ့။ တိုက်ပွဲက အခုတော့ ရပ်နေတယ်။ ပြည်သူတွေနဲ့ အခုဖြစ်တဲ့နေရာကတော့ နည်းနည်းဝေးတယ်ဗျ။ ပြည်သူတွေ ထိခိုက်တာတော့မရှိဘူး။ KIA က အဓိကဝင်တိုက်တာက အဲ့ဒီ ဦးပိုင်ကုမ္ပဏီနဲ့ ရဲစခန်းတွေ၊ စစ်ကောင်စီရဲ့ ရဲစခန်းတွေနဲ့ တပ်စခန်းတွေကို ဝင်တိုက်တာ။ စခန်းသိမ်းတာတော့မဟုတ်ဘူး။ ရဲစခန်းတွေတော့ အကုန်လုံးကို မီးရှို့သွားတယ်ဗျ။ နန်စီပွန်မှာရှိတဲ့ ရဲစခန်းတွေပေါ့၊ နန်စီပွန်မှာ ရဲတပ်ရင်းရှိတယ်။ အဲ့ရဲတပ်ရင်းနဲ့ နန်စီပွန်မှာရှိတဲ့ ရဲစခန်းတွေကို မီးရှို့သွားတယ်” ဟု နန်စီပွန် ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ နံနက် ၄ နာရီခွဲအချိန်ခန့်မှ ၆ နာရီခွဲအချိန်ခန့်အထိ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ရဲစခန်းအဆောက်အဦးအချို့ကို KIA မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထို့နောက် နံနက် ၇ နာရီအချိန်ခန့်ကစတင်၍ စစ်ကောင်စီဘက်က လေယာဉ်စစ်ကူများရောက်လာကာ လေယာဉ် (၄) စီးဖြင့် အဆိုပါနေရာများသို့ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ခန္တီးဒေသခံများက ပြောသည်။
အမည်မဖော်လိုသည့် ခန္တီးဒေသခံတစ်ဦးက “နောက်ပိုင်းကျတော့ ဒီခန္တီးကနေ စစ်ကူလာတယ်။ ဟုမ္မလင်းကနေ ခန္တီးကိုလာတာပေ့ါ။ ဟုမ္မလင်းမှာက လေတပ်စခန်းတွေရှိတယ်။ အဲ့က လေယာဉ်တွေ ၇ နာရီခွဲ ၈ နာရီလောက်မှာ ခန္တှီးကို ရောက်လာတယ်။ ရောက်လာတဲ့အခါကြတော့ လေယာဉ်တွေနဲ့ ဗုံးကြဲတာတွေလာလုပ်တယ်။ လာလုပ်တော့ KIA က နောက်ဆုတ်သွားတယ်။ တိုက်လေယာဉ်တွေနဲ့ လာတဲ့အတွက်ပေါ့။ လေယာဉ်က ၄ စီး လောက်ပေါ့၊ လာကြဲသွားတယ်။ လေယာဉ်က အခု ခန္တီးမှာရှိနေတယ်။ စစ်ကူတွေလည်း ထပ်ရောက်နေတယ်” ဟု ပြောသည်။
တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။
ခန္တီးမြို့၊ နန်စီပွန်မှော်သည် ကျောက်စိမ်းအဓိကထွက်သည့် မှော်ဖြစ်ပြီး အဆိုပါဒေသတွင် ကျောက်စိမ်း လာရောက်တူးနေသည့် ကုမ္ပဏီပေါင်း ၁၀၀ ခန့်ရှိသည်ဟု ဒေသခံများက ပြောသည်။
ကုမ္ပဏီပေါင်း ၁၀၀ ခန့်ရှိသည့်အနေက် မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ (မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ) သည် နန်စီပွန်ဒေသတွင် အင်အားအကြီးဆုံးဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ကုမ္ပဏီက ၁၀၀ လောက်ရှိတယ်။ အဓိက လက်ရှိလုပ်နေတဲ့ကုမ္ပဏီက ဦးပိုင်တို့၊ ခိုင်နန်းရွှေ၊ ဇဗ္ဗူသီရိ၊ အောင်ထီးဖြူ၊ မြောက်ကျွန်းသူ၊ ထက်ရည်လင်း၊ မင်းထက်ဦး အဲ့လောက်တော့ လောလောဆယ် ဒေသမှာ နာမည်ကြီးတာက အဲ့ဒီကုမ္ပဏီတွေက နာမည်ကြီးတယ်။ ကျန်တဲ့ ကုမ္ပဏီတွေက အသေးစားတွေ တချို့ဟာတွေရှိတယ်။ အားလုံးပေါင်း လုပ်ကွက် ၁၀၀ ကျော်လောက်ရှိတယ်။ အဲ့ထဲမှာ အင်အားအကြီးဆုံးက ဦးပိုင်နဲ့ ခိုင်နန်းရွှေပေါ့။ ဒီကျနော်တို့ နန်စီပွန်မှာက ကျောက်စိမ်းပဲထွက်တာ၊ ကျောက်စိမ်းပဲလုပ်တာ။ ရွှေတော့မထွက်ဘူး”
ယနေ့ နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတွင် ယခုခါ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ်က စစ်ကူများရောက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါနေရာသည် KIO/KIA ၏ တပ်မဟာ ၉ နယ်မြေဖြစ်ပြီး တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၃၁ က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။







