သီပေါမြို့နယ်အတွင်း နောက်ထပ် ရွာသား ၅၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးရ

သီပေါမြို့နယ်အတွင်း နောက်ထပ် ရွာသား ၅၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးရ

ရှမ်းလက်နက်ကိုင်များအကြား တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း နောက်ထပ် ရွာသား ၅၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ကြရသည်။

ကျေးရွာအုပ်စု ၅ ခုက ဒေသခံပြည်သူ အယောက် ၅၀၀၀ ကျော်ခန့် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

နမ့်လန်မြို့ ဒေသခံတစ်ဦးက “မြို့ထဲတော့ တောက်လျှောက်ဝင်လာနေကြတယ်။ အမျိုးတွေအိမ်တွေကို ဝင်နေကြတယ်။ နမ့်လန်မြို့ထဲကို တောက်လျှောက် ဒီမနေက်ကတည်းက လာနေကြတာ။ ကားတွေရော၊ ထော်လာဂျီတွေရော။ ဒီဘက်ကိုလာတဲ့လူတွေက အမျိုးတွေအိမ်ကိုပဲ သွားနေကြတာ။ တိုက်ပွဲက မနေ့ကမနက်ခင်းပိုင်းမှာ စဖြစ်တာ။ ဒီမနက်တော့ တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ စစ်ကြောင်းတွေက ရွာတွေထဲကို ရောက်နေလို့။ တိုင်းရင်းသားအဖွဲ့ စစ်ကြောင်းတွေပါ။ အချင်းချင်းပါ။ နမ့်လန်ကို ဝင်လာတဲ့လူတွေက တစ်စုတစ်စည်းထဲမဟုတ်တော့ လူဦးရေစာရင်းတောင် ကောက်လို့မရဘူး။ အမျိုးတွေအိမ်တွေကို ဝင်သွားကြတာ။ လူဦးရေ ၄၀၀၀ ကျော်၊ ၅၀၀၀ ဒါက ခန့်မှန်းတာပဲဟုတ်တယ်။ အဲ့ထက်များနိုင်တယ်” ဟု ပြောသည်။

သီပေါမြို့နယ်၊ ဝမ်စိမ်းကျေးရွာအုပ်စု၊ ဝမ်စိမ်းဘုန်းတော်ကြီးကျောင်းတွင် လူဦးရေ ၂၅၀၀ ကျော်ရှိနေပြီဖြစ်ပြီး အခြားသောရွာသားများမှာ နမ့်လန်မြို့နယ်ဘက်သို့ ထွက်ပြေးနေကြရသည်ဟု ဒေသခံများက ပြောသည်။

သီပေါမြို့နယ်၊ ဝမ်စိမ်းကျေးရွာအုပ်စုအတွင်း မေလ ၁၉ ရက်နေ့ (ယမန်နေ့) ကစတင်ပြီး ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ရှောင်များအား သွားရောက်ကူညီပေးနေသူတစ်ဦးက “မနေ့က မနက်ခင်းတပိုင်းလုံးပဲ။ နေ့လည် ၁၁ ခွဲလောက်မှငြိမ်သွားတာ အသံက။ စစ်ရှောင်တွေက မနေ့က မနက်ခင်းကတည်းက ပြေးနေကြတာ။ ဒီနေ့အထိ တောက်လျှောက်ဝင်လာနေတာ။ အခုက တိုက်ပွဲသံတော့ မကြားတော့ဘူး။ စစ်ကြောင်းတွေ ရွာထဲဝင်လာလို့ ပစ်မှာစိုးလို့ ထွက်ပြေးကြတာ။ ရှမ်းနှစ်ဖွဲ့က ဖြစ်နေတာ။ TNLA က ဒီမှာ မရှိဘူး” ဟု ပြောသည်။

သီပေါမြို့နယ်၊ ဝမ်စိမ်းကျေးရွာအုပ်စုက ဝမ်စိမ်းဘုန်းကြီးကျောင်းတွင် စစ်ရှောင်လူဦးရေ ၂၅၅၁ ရှိရောက်နေပြီဖြစ်ပြီး ယနေ့တွင်လည်း ကျေးရွာအုပ်စု ၅ ခုက ဒေသခံပြည်သူတွေ ဆက်တိုက် ကျေးရွာများစွန့်ကာ စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဒေသခံများနှင့် အကူအညီပေးနေသူများက ပြောသည်။

“မနေ့က ဝမ်စိမ်းကျောင်းမှာရောက်နေတာ တစ်ထောင်ကျော်က။ အခုဒီဘက်ထွက်လာတာက မန်ကျောင်းအုပ်စု။ ကျေးရွာအုပ်စု ၅ စုလောက်ရှိမယ် ပြေးရတာ။ ဝမ်စိမ်းက ကွန်းရုံးအုပ်စုလို့ခေါ်တယ်။ အဲ့ဒီအုပ်စုရယ်။ မန်ကျောင်းအုပ်စုရယ်၊ နားလေအုပ်စုရယ်၊ ဟိုခဲအုပ်စု၊ ဖာရေးအုပ်စုတွေက လူတွေပြေးရတာ။ အုပ်စုတစ်ခုမှာ ကျေးရွာပေါင်း ၅ ရွာကနေ ၉ ရွာလောက်ရှိတယ်။ လူဦးရေက ခန့်မှန်းလို့မရသေးဘူး။ အခုပြောနေတုန်းကို လူတွေက တောက်လျှောက်ဝင်လာနေတာ။ ထော်လာဂျီတွေနဲ့ ပြောင်းသယ်တဲ့လူနဲ့ ပဲသယ်တဲ့လူတွေနဲ့ စုံစိနေတာပဲ။ ပစ္စည်းတေက ထော်လာဂျီတစ်တန်၊ ကားတစ်တန်နဲ့ လူတွေက ဆိုင်ကယ်တွေနဲ့ အကုန်ပြေးလာနေကြတာ။ အားလုံးပေါင်းရင်တော့ ၃၀၀၀ ကျော်၊ ၄၀၀၀ ရှိမယ်ထင်တယ်။ အတိအကျမရသေးဘူး”

ယခု ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများမှာ ဝမ်းစိမ်း (ခေါ်) ကုံးယုံးကျေးရွာအုပ်စု၊ မန်ကျောင်းကျေးရွာအုပ်စု၊ နားလေကျေးရွာအုပ်စု၊ ဟိုခဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများက ဒေသခံရွာသားများဖြစ်ကြသည်ဟု ပြောသည်။

အဆိုပါဒေသများအနီး ယမန်နေ့နံနက်ပိုင်း ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းကစတင်၍ နှစ်ဖက်လက်နက်ကိုင်များက အဆိုပါကျေးရွာများထဲသို့ စစ်ကြောင်းများ ထပ်မံထိုးလာသည့်အတွက် တိုက်ပွဲများ ပြင်းထန်လာမည်ကို စိုးရိမ်၍ ယခုကဲ့သို့ ထွက်ပြေးရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဟိုခဲကျေးရွာအုပ်စုထဲတွင် ဟိုခဲ၊ တောင်ကြီး၊ ဖာရေး၊ နောင်သန့်လုပ်ယုံး၊ နမ့်ချောပန်မေ၊ ခဲယွမ်းမကျိုင်း၊ ခိုင်းယုံး ကျေးရွာများ၊ မန်ကျောင်းကျေးရွာအုပ်စုထဲတွင် မန်ကျောင်း၊ နောင်ပိန်၊ ပန်ဟုံး၊ လွယ်လုံ၊ တိန်းမွန်းနားမုံ၊ နားလေ (လီ) ကျေးရွာအုပ်စုထဲတွင် နားလေ၊ နားဟိုင်း၊ ခိုင်းဆင်၊ ပိန်းဆာ၊ ခိုင်းအန် နှင့် ကုံးယုံး (ခေါ်) ဝမ်စိမ်း ကျေးရွာ အုပ်စုထဲတွင် ကုံးယုံး၊ ကုန်းညု၊ ပန်ဆင်၊ ကုန်းမုံ၊ မန်တပ်၊ ကောင်းခန်၊ စံကား၊ စယ်ဟိန်း စသည့် ကျေးရွာများရှိသည်ဟု သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသဆိုင်ရာအချက်အလက်များက ထုတ်ပြန်ထား သည်။

ကုံးယုံး (ခေါ်) ဝမ်စိမ်းကျေးရွာအုပ်စုထဲတွင် လူဦးရေ ၁၈၃၈ ဦး၊ နားလေ (လီ) အုပ်စုတွင် လူဦးရေ ၁၅၉၀ ဦး၊ မန်ကျောင်းကျေးရွာအုပ်စုတွင် လူဦးရေ ၁၂၆၃ ဦး၊ ဟိုခဲကျေးရွာအုပ်စုတွင် လူဦးရေ ၂၄၃၄ ဦးရှိသည်ဟု ၂၀၁၉ ခုနှစ်က ထုတ်ပြန်ထားသည့် သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသဆိုင်ရာအချက်အလက်များ၏ စာရင်းဇယားများအရ သိရသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...