Wave Money ထုတ်ရခက်၊ ငွေထုတ်ဖို့ ကြေးကြီးပေးနေကြရ

Wave Money ထုတ်ရခက်၊ ငွေထုတ်ဖို့ ကြေးကြီးပေးနေကြရ

မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်နေတဲ့ Wave Money အွန်လိုင်းငွေလွှဲမှုမှာ ငွေထုတ်ရခက်ခဲလာပြီး ငွေသားထုတ်ယူလိုမှုအတွက် အခကြေးငွေ ပေး‌ဆောင်ရမှု မြင့်မားလာတာကြောင့် အသုံးပြုသူပြည်သူတွေအတွက် ကြီးမားတဲ့ အခက်အခဲတွေကြုံနေရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဘယ်လိုအွန်လိုင်းငွေလွှဲမှုမျိုးဖြစ်ပါစေ၊ ထုတ်ယူလိုတဲ့ငွေကြေးရဲ့ ၃ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ ငွေထုတ်ပေးတဲ့အေးဂျင့်တွေကို ဝန်ဆောင်ခပေးနေရပါတယ်။

ဒါနဲ့ပတ်သက်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးနိုင်ဖို့လိုတယ်လို့ သီရိမင်္ဂလာဈေးမှာ ရာသီစာအသီးအနှံတွေရောင်းချတဲ့ ကိုမျိုးမင်းက ပြောပါတယ်။

သူက "ဒါကိုလုပ်နိုင်တဲ့သူတွေအနေနဲ့ မြန်မြန်ဖြေရှင်းဖို့လိုတယ်။ မဟုတ်ရင် ငွေသားနဲ့ပဲလိုချင်တယ်ဆိုတဲ့ ကုန်သည်တွေများလာရင် ကုန်စည်စီးဆင်းမှုတွေဟာ ထင်မထားလောက်တဲ့အထိ ထိုးကျသွားလိမ့်မယ်" လို့ ဆိုပါတယ်။

နိုင်ငံရေးအခြေအနေအရ ဘဏ်တွေကနေ ငွေထုတ်ရခက်ခဲနေပါတယ်။ ယခင်ကတည်းကရှိနေခဲ့တဲ့ အွန်လိုင်းငွေပေးချေမှု၊ ငွေလွှဲမှုတွေဟာလည်း ငွေထုတ်ဖို့ခက်ခဲလာတာကြောင့် အသေးစား၊ အလတ်စားလုပ်ငန်း လုပ်ကိုင်နေကြသူတွေအပါအဝင် အခြေခံလူတန်းစားတွေ၊ လူသားချင်းစာနာထောက်ပံ့မှုကိစ္စရပ်တွေမှာပါ ငွေကြေးဆိုင်ရာ အခက်အခဲတွေ မြင့်တက်လာနေခဲ့တာပါ။

"ကျွန်မတို့က ရင်းနှီးတဲ့သူတွေကိုပဲ ထုတ်ပေးတော့တယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းက ကျွန်မတို့လိုတဲ့ ငွေသားကို Wave ကနေ အိမ်တိုင်ရာရောက် လာပို့တာမျိုးလုပ်ပေးတယ်။ ခုကကျတော့ ငွေထုတ်ပေးလိုက်ပြီးရင် အဲဒီငွေကို ဘဏ်ကနေ ကျွန်မတို့ပြန်ထုတ်ဖို့ အရမ်းကြိုးစားရတဲ့ အခြေအနေဖြစ်နေတယ်။ ဒီတော့ ထုတ်ပေးနေတဲ့သူတွေကလည်း စွန့်စားပြီး ထုတ်ပေးနေရတဲ့သဘောဖြစ်နေတယ်" လို့ သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက်က အွန်လိုင်းငွေလွှဲဝန်ဆောင်မှုလုပ်နေတဲ့ မမျိုးသီတာက ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ Wave Money ကုမ္ပဏီကို သတင်းအတွက် ဆက်သွယ်ခဲ့ပေမယ့် မေးမြန်းလို့မရခဲ့ပါဘူး။

ဒါပေမယ့် ငွေလွှဲဝန်ဆောင်မှုအတွက် သတ်မှတ်ထားတဲ့ဝန်ဆောင်ခထက် ပိုတဲ့ အခကြေးငွေမျိုးမတောင်းခံဖို့၊ မကောက်ခံဖို့ ညွှန်ကြားထားတယ်လို့ သူတို့ရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။