လွိုင်ကော်မှ ဆန္ဒပြအမျိုးသမီး ၆ ဦးကို ၅၀၅ (က) ဖြင့် တရားစွဲဆိုထား

လွိုင်ကော်မှ ဆန္ဒပြအမျိုးသမီး ၆ ဦးကို ၅၀၅ (က) ဖြင့် တရားစွဲဆိုထား

ကယားပြည်နယ် လွိုင်ကော်ဆန္ဒပြပွဲတွင် မေလ ၁၂ ရက်က ဖမ်းဆီးခံရသော အမျိုးသမီး ၆ ဦးကို ပြန်မလွှတ်ပဲ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲထားသည်။

လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်က သပိတ်စစ်ကြောင်း ဖြိုခွဲခံရချိန် ဖမ်းဆီးခံခဲ့ရသူ ၁၄ ဦး ဖမ်းဆီးခံခဲ့ရသည့်အနက် အမျိုးသမီး ၆ ဦးကို ပြန်မလွှတ်ပေးပဲ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲလိုက်ပြီး ယနေ့အချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးဘူးဟု မိသားစုဝင်တစ်ဦးက ပြောသည်။

မေလ ၁၂ ရက်နေ့ အသက် ၁၂ အရွယ်ကလေးငယ် (အမျိုးသမီးတစ်ဦး) အပါအဝင် အမျိုးသမီး ၁၂ ဦး၊ အမျိုးသား ၂ ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နာနတ်တောသပိတ်စစ်ကြောင်း ဖြိုခွင်းစဉ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အမျိုးသမီး ၆ ဦး ယနေ့အချိန်ထိ ပြန်မလွှတ်လာသေးဘူး မိသားစုဝင်တစ်ဦးက ပြောသည်။

အသက် ၅၀ ကျော်အရွယ် ဖမ်းဆီးတရားစွဲခံထားရသည့် အမျိုးသမီးတစ်ဦး၏ သမီးဖြစ်သူက “ညီမအမေကို အခုချိန်ထိ စဖမ်းတဲ့နေ့ကနေ ဒီနေ့အချိန်ထိ တစ်ခါမှ မတွေ့ရသေးဘူး။ တွေ့ချင်လို့ တောင်းဆိုလည်း သူတို့ ပေးမတွေ့ဘူး။ အခုက လွိုင်ကော်အကျဉ်းထောင်ထဲမှာပါ။ အခုက ၅၀၅ နဲ့ စွဲချက်တင်ထားတယ်လို့ ပြောတယ်။ ဘာလို့ အဲ့ဒီပုဒ်မနဲ့ စွဲချက်တင်တာလည်း သမီးတို့လည်း သိချင်တယ်။ ဘာအပြစ်တွေရှိလို့ အခု လိုမျိုး တရားစွဲတာလဲ၊ အခုထိ ဘာလို့ တွေ့ခွင့်မရတာလဲ သိချင်တာပေါ့နော်” ဟု ပြောသည်။

“အမေက အသက် ၅၀ ကျော်ပြီ၊ အဓိက သူ့ရဲ့ကျန်းမာရေးကို စိတ်ပူတယ်။ အခုက အမေနဲ့လည်း မတွေ့ရဘူး။ နေကောင်းလား၊ ထမင်းရော ကောင်းကောင်းစားရရဲ့လား စိတ်ပူတာပေါ့နော်။ ညီမက ဘာမှ သိပ်မပြောတတ်ဘူး အမေကို ပြန်လွှတ်ပေးဖို့ပဲ တောင်းဆိုချင်တယ်”

လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်က သပိတ်စစ်ကြောင်းကို ဖြိုခွင်းစဉ် ဖမ်းစဉ်ခံလိုက်ရပြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသည့် အမျိုးသမီးခြောက်ဦးကို မေလ ၁၄ ရက်နေ့ ညနေမှာ ရုံးထုတ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ၎င်းတို့ ၆ ဦးကို မေလ ၂၆ ရက်နေ့တွင် ဒုတိယအကြိမ် ရုံးချိန်းသတ်မှတ်ထားပြီး ဖမ်းဆီးခံထားရသူများကို ပထမရုံးချိန်းတွင် လွိုင်ကော်မြို့နယ် တရားရုံးချုပ်တွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းတို့ ၆ ဦးလွတ်မြောက်ရေး ကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောသည်။

“ကျနော်တို့က လိုက်လုပ်ပေးနေပါတယ်။ ဥပဒေကြောင်းအရ လုပ်ပေးနေတာပါ။ ကျနော်တို့ကတော့ သူတို့ကို ပြန်လွှတ်ပေးဖို့ပေါ့၊ နယ်မြေတည်ငြိမ်ရေးကို ရှေးရှုပြီး အမြန်ဆုံးပြန်လွတ်ပေးဖို့ ပြောထားတာရှိပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့ ညနေပိုင်းအချိန်က လွိုင်ကော်မြိုရှိ နာနတ်တောရပ်ကွက်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွဲခဲ့ပြီးနောက် နေအိမ်များထဲအထိ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည့်အတွက် အသက် ၁၂ အရွယ်ကလေးငယ် (အမျိုးသမီး) တစ်ဦးအပါအဝင် အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသားနှစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ထို့နောက် အသက် ၁၂ အရွယ် ကလေးငယ် (အမျိုးသမီး) တစ်ဦးအပါအဝင် အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၂ ဦးမှာ လွှတ်မြောက်လာပြီဖြစ်သည်ဟု လွိုင်ကော်ဒေသခံများက ပြောသည်။

ကယားပြည်နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများတွင်ပါဝင်သည့် ပြည်သူများအနက် ယခုခါ အမျိုးသမီးနှင့် လူငယ် ၈၀ ဦး ယနေ့အချိန်ထိ ပြန်မလွှတ်လာသေးပဲ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရဆဲဖြစ်သည်ဟု သိရသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...