ရှမ်းပြည်နယ်၊ မူဆယ်မြို့ရှိ ပုဂ္ဂလိပိုင်က အင်္ဂလိပ်စာသင်တန်းကျောင်းတစ်ကျောင်းကို စစ်ကောင်စီက အကြမ်းဖက်ဝင်ရောက်ပြီး ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု ကျောင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
မေလ ၁၆ ရက်နေ့ (ယမန်နေ့) နေ့လည် တစ်နာရီခန့်က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀ ခန့်က မူဆယ်မြို့တွင် ဖွင့်လှစ်ထားသည့် Pre-School မူကြို၊ Kindergarten (KG) နှင့် အင်္ဂလိပ်စာသီးသန့် သင်တန်းကျောင်း (IELTS) ကို တံခါးဖျက်ပြီး ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့သည်ဟု သင်တန်းကျောင်းတာဝန်ရှိသူ ဆရာတစ်ဦးက ပြောသည်။
“အောက်မှာရှိတဲ့ ဆရာမဆီမှာ ကျနော်တို့ပုံတွေကိုပြပြီးတော့ တံခါးကို အတင်းဖွင့်ခိုင်းတာပေါ့။ ဒါ သူ့အိမ်ဟုတ်လား မဟုတ်လားပေါ့နော်။ အတင်းတံခါးဖွင့်ခိုင်းပြီးတော့ ဘာပြောလဲဆိုတော့ ကျနော်က မူဆယ်မြို့ကို သူတို့က အေးချမ်းသာယာဖို့ လုပ်နေတဲ့အချိန်မှာ ကျနော်တို့က ဒီတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပေါင်းပြီးတော့ လက်နက်တွေတင်တယ်။ မြို့ထဲမှာ ဖေါက်ခွဲမှုတွေလုပ်တယ် ကျနော်ဦးဆောင်ပြီးတော့ လုပ်တယ်ဆိုပြီးတော့ အဲ့ဒီအတွက်ကြောင့် လာဖမ်းတာပေါ့နော်။ လာဖမ်းတော့ ကျနော်တို့ အောက်ထပ်မှာ ဆေးခန်းရှိတယ် အဲ့ဆေးခန်းက ဆရာမကို တံခါးအတင်းဖွင့်ခိုင်းတာပေါ့။ တံခါးသော့မရှိတော့ တံခါးကိုဖျက်ပြီး ဝင်သွားကြတာပေါ့”
မူဆယ်မြို့၊ ခေတ္တာလမ်းရှိ ၄ ရပ်ကွက်တွင်ဖွင့်လှစ်ထားသည့် အဆိုပါသင်တန်းကျောင်းမှ ဆရာနှင့် ၎င်း၏ မိသားစုဝင်ပုံများကိုပြကာ ၎င်းတို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်သွယ်ကာ လက်နက်ခဲယမ်းများတင်သွင်းပြီး မူဆယ်မြို့အတွင်း ဖောက်ခွဲမှုများကို ဦးဆောင်နေသူများဖြစ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးရန် လာရောက်ရှာဖွေခြင်းဖြစ်သည်ဟု သိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်က အဆိုပါ အင်္ဂလိပ်စာသီးသန့် သင်တန်းကျောင်းကို လာရောက်ရှာဖွေစဉ် ကျောင်းတွင် မည်သူမျှမရှိသောကြောင့် ကျောင်းအောက်ထပ်ရှိ ဆေးခန်းမှ ဆရာမများကို သေနတ်ထောက်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။
သင်တန်းကျောင်းတာဝန်ရှိသူက “ဝင်သွားပြီးတော့ အဲ့အောက်ထပ်က ဆရာမကိုလည်း သေနတ်ထောက်ပြီးတော့ ကျနော်တို့ အခန်းတွေ လိုက်ပြခိုင်းတယ်။ အဲ့မှာရှိတဲ့ ကျနော်တို့ ပစ္စည်းတွေ အကုန်လုံးရှာတာပေါ့နော်။ မတွေ့တော့ အဲ့မှာ ကျနော်တို့ကျောင်းက ဆရာမလေးတစ်ယောက်ရဲ့ ငွေအချို့ပေါ့နော် တစ်သိန်းဝန်းကျင်လောက်ပဲရှိပါတယ်။ အဲ့ဒီငွေအချို့ကိုယူသွားတယ်။ ပြီးရင် အဲ့ဒီ ကျနော့်ကျောင်းမှာနေတဲ့ အစ်ကိုတစ်ယောက်ရဲ့ မှတ်ပုံတင်နဲ့ ယာဉ်မောင်းလိုင်စင်တွေ အဲ့ဒါတွေ ယူသွားကြတယ်။ ပစ္စည်းတွေကို ဖျက်ဆီးသွားတာရှိတယ်။ ယူသွားတာရှိတယ်။ ကျောင်းမှာ ခြေချစရာမရှိအောင်ကို ဝင်မွှေနှောက်သွားတယ်လို့ သိရတယ်ဗျ” ဟု သိရသည်။
ထို့အပြင် သင်တန်းကျောင်းဆရာနှင့် မိသားစုဝင်များကိုလည်း တွေ့သည့်နေရာတွင် ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သေးသည်ဟု ဆိုသည်။
“ကျနော့်ကိုလည်း ဘာပြောသွားလဲဆိုတော့ တွေ့တဲ့နေရာမှာ ပစ်သတ်ဖို့ပေါ့နော် ပစ်မိန့်လည်းရထားတယ်။ တွေ့တဲ့နေရာမှာ ပစ်သတ်မယ်ပေါ့၊ ကျနော်ရော၊ ကျနော့်အမျိုးသမီးရော၊ ကျောင်းမှာနေတဲ့ ကျနော့်ညီနဲ့ အစ်ကိုကိုရော ပစ်သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီးတော့ ပြန်ထွက်သွားတယ်လို့ သိရတယ်ဗျ” ဟု ထိုဆရာက ဆက်ပြောသည်။
“ကျနော်ပါဝင်မှုတွေက ဆန္ဒပြပွဲတွေမှာ ပါတာလောက်ပဲရှိတာပါ။ အခုပြောတဲ့ ဒီလောက်ကြီးမားတဲ့ လက်နက်ခဲယမ်းကိစ္စတွေ ဖေါက်ခွဲမှုကိစ္စတွေမှာ ပါဝင်ပတ်သက်မှု မရှိပါဘူး။ အခု သူတို့ရထားတဲ့ သတင်းအချက်အလက်က လုံးဝ အမှားကြီးဖြစ်တယ်ဆိုတာ သိစေချင်ပါတယ်။ သူတို့ဘယ်က ဘယ်လိုသတင်းအချက်အလက်တွေရပြီးတော့ ဒီလို အင်အားအလုံးအရင်းနဲ့ စစ်သား အယောက် ၅၀ ကျော်တယ်လို့ပြောတယ် အဲလိုဘာလို့ဖမ်းတာလဲပေါ့။ စစ်ကောင်စီကရတဲ့ သတင်းအချက်အလက်ကို မှန်/မမှန်မစစ်ဆေးပဲ ဒီလို အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတာက မဟုတ်သေးဘူးလေ”
မူဆယ်မြို့ရှိ ပုဂ္ဂလိကပိုင် Pre-School မူကြို၊ Kindergarten (KG) နှင့် အင်္ဂလိပ်စာသီးသန့်သင်တန်း ကျောင်း (IELTS) ကို ဝင်ရောက်ဖျက်စီး ခြိမ်းခြောက်ရှာဖွေမှုများပြုလုပ်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါကျောင်းအတွင်းရှိ ပစ္စည်းများကို ရိုက်ခွဲဖျက်စီးခဲ့သည်ဟု သိရသည်။
ကျောင်းပစ္စည်းများကို ရိုက်ခွဲဖျက်စီးခဲ့သည်သာမက သင်တန်းကျောင်းအတွင်းရှိ ကျောင်းဆရာမများ၏ ငွေအချို့နှင့် ပစ္စည်းအချို့ကိုလည်း ယူဆောင်သွားသည်ဟု ကျောင်းတာဝန်ရှိသူထံမှ သိရသည်။







