KNU ဥက္ကဌ၏ သဘောထားကို ထင်ဟပ်သည့် ထုတ်ပြန်ချက် ၂ ခု ဒူပလာယာခရိုင်ဥက္ကဌ ထုတ်ပြန်

KNU ဥက္ကဌ၏ သဘောထားကို ထင်ဟပ်သည့် ထုတ်ပြန်ချက် ၂ ခု ဒူပလာယာခရိုင်ဥက္ကဌ ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး - KNU ဥက္ကဌ စောမူတူးစေဖိုး၏ သဘောထားထုတ်ပြန်ချက်ကို ထောက်ခံသည့် ဒူးပလာယာခရိုင်ဥက္ကဌ ပဒိုစောရွှေမောင်း၏ အမြင်သဘောထား ထုတ်ပြန်ချက် ၂ စောင် ယနေ့ (မေ ၁၃) ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်ကို လူမှုကွန်ရက်ပေါ်တွင် တွေ့ရှိရသည်။

ဒူးပလာယာခရိုင်ဥက္ကဌလက်မှတ်ဖြင့် ထုတ်ပြန်လိုက်သည့် အချက် (၉) ချက်ပါ ၎င်းသဘောထားထုတ်ပြန်ချက် ၂ ခုကို ခရိုင်တာဝန်ရှိသူများနှင့် တစ်စုံတစ်ရာ ညှိနှိုင်းပြောဆိုဆွေးနွေးမှုမရှိသေးကြောင်း အမည်မဖော်လိုသူ ခရိုင်တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “အဲ့စာကို ကျနော်တို့ လိုင်းပေါ်မှာပဲတွေ့တာ၊ လူကိုယ်တိုင်နဲ့ မတွေ့ရသေးဘူး။ သူကိုယ်တိုင် (ခရိုင်ဥက္ကဌ) ရှင်းပြပေးမယ်လို့တော့ ပြောတယ်။ KNU ဥက္ကဌရဲ့ ကိုယ်ပိုင် သဘောထားထုတ်ပြန်တဲ့ပုံစံအတိုင်းလို့ပဲ ထင်တယ်။ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အခုထိ ဘာမှလည်းဆွေးနွေးတာမျိုးမရှိဘူး။ အားလုံးမသိရတဲ့အပေါ်မှာ ဥက္ကဌကိုယ်တိုင် ရှင်းပြရင် ပိုသင့်တော်မယ်” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ သဘောထားထုတ်ပြန်ချက် ၂ စောင်၏ ပထမတစ်စောင်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်အတူ နိုင်ငံတကာ ရှေ့မှောက်၌ ကတိပြုထားသည့်အတိုင်း အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် ညှိနှိုင်းဆွေးနွေးအဖြေရှာသည့်နည်းလမ်းသာ နိုင်ငံသားအတွက် အကျိုးဖြစ်ထွန်းစေကြောင်း၊ KNU ဥက္ကဌ၏ ရပ်တည်ချက်သဘောထားသည် ကရင်အမျိုးသားထုနှင့် ပြည်ထောင်စုသားအားလုံးအတွက် ကောင်းကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး သက်ဆိုင်သူများ တွေ့ဆုံညှိနှိုင်းအဖြေရှာကြရန် မေတ္တာရပ်ခံထားသည်။

နောက်ထပ် ထုတ်ပြန်ချက်တစ်စောင်၌ ဖဆပလအစိုးရလက်ထက်တွင် မတရားအသင်းကြေငြာခံခဲ့ရပြီးနောက် ဦးသိန်းစိန်အစိုးရလက်ထက်တွင် NCA လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကြောင့် မတရားအသင်းပယ်ဖျက်ခဲ့ကြောင်းနှင့် လက်ရှိ မြန်မာ့နိုင်ငံရေး၏ အခင်းအကျင်း၌ အသုံးချခံအဖွဲ့တစ်ရပ်အနေဖြင့် မရပ်တည်သင့်ကြောင်း၊ မိမိရပ်တည်ချက် မိမိလမ်းစဉ်အတိုင်း ရပ်တည်ရမည်ဟု ထည့်သွင်းဖော်ပြထားသည်။

ထိုနောက် မူဝါဒ လမ်းစဉ် မှန်ကန်မှုကြောင့်း၊ ယနေ့အထိ ရပ်တည်နိုင်ကြောင်း၊ လုပ်ငန်းလမ်းစဉ်အတိုင်း မှန်ကန်စွာဆောင်ရွက်ပါက တစ်မျိုးသားလုံး၏ ရည်မှန်းချက်ကို ပြည့်ဝစေမှာဖြစ်ပြီး လွဲမှားပါက အခွင့်အလမ်း ဂုဏ်သိက္ခာကွယ်ပျောက်ကာ မတရားအသင်း ထပ်မံသတ်မှတ်ခံရနိုင်ကြောင်းလည်း ဆက်လက်ဖော်ပြထားသည်။

ယခုထုတ်ပြန်လိုက်သည့်စာသည် ယခင် မေလ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်သည့် KNU ဥက္ကဌ စောမူတူးစေဖိုး၏ သဘောထားထုတ်ပြန်ချက် ပုံစံအတိုင်း KNU ၏ ထုတ်ပြန်ချက်ထုတ်ပြန်သည့် လုပ်ထုံးလုပ်နည်းအတိုင်း ထုတ်ပြန်ထားခြင်းမရှိဘဲ ခရိုင်တာဝန်ရှိသူများ၏ သဘောထားကိုရယူထားခြင်းမရှိကြောင်းလည်း သိရသည်။

အလားတူ လတ်တလော နိုင်ငံရေးပြဿနာကို အပစ်ရပ်စာချုပ်-NCA မူဘောင်အတိုင်း လိုက်နာကျင့်သုံးပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် KNU ဥက္ကဌမှ မေလ ၁၀ ရက်နေ့က ၎င်း၏သဘောထားကို ထုတ်ပြန်လိုက်သည့်အပေါ် ကရင်အသိုင်းအဝိုင်းနှင့် နိုင်ငံရေးလောကတွင် ဝေဖန်မှုများရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်သွားမည်ကိုလည်း စိုးရိမ်မှုများ ထွက်ပေါ်လာခဲ့သည်။