မံစီ၊ မိုးမောက်တို့တွင် တိုက်ပွဲများပြင်းထန်၊ စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်ပစ်ခတ်

မံစီ၊ မိုးမောက်တို့တွင် တိုက်ပွဲများပြင်းထန်၊ စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်ပစ်ခတ်

ကချင်ပြည်နယ်၊ မံစီမြို့နယ်နှင့် မိုးမောက်မြို့နယ်အတွင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး လေယာဉ်များဖြင့်လည်း လာရောက်ပစ်ခတ်နေသည်ဟု ဒေသခံများကပြောသည်။

တိုက်ပွဲမှာ ယမန်နေ့ကတည်းက ဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနေသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ကျနော့်ဆီမှာ ရထားတာကတော့ မနေ့က မံစီနဲ့ ကိုင်ထိတ်လမ်းကြား မဒန်ယန်လေ မံစီနည်းနည်းအထက် အဲ့ဒီမှာ တိုက်ပွဲဖြစ်တာ။ ဒီနေ့လည်း ပြန်ဖြစ်တယ်။ စစ်ကောင်စီတပ်စခန်းတွေကို KIA ကနေ ဝင်တိုက်တာပေါ့နော်။ မနေ့ကလည်း လေယာဉ်တောင်မှလာတာ။ မနေ့ကလည်း လေကြောင်းနဲ့တိုက်တယ်။ ဒီနေ့လည်း လေကြောင်းနဲ့ပြန်တိုက်တယ်။ တခြားနေရာတွေမှာတော့ ပြင်းထန်တဲ့တိုက်ပွဲတွေတော့ မရှိပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်းအမှတ် (၁) နယ်မြေဖြစ်သည့် မဒန်ယန်တွင် မေလ ၁၂ ရက်နေ့ (ယနေ့) နံနက်ပိုင်း ၁၀ နာရီကျော်အချိန်ခန့်ကစတင်ပြီး နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားနေသည့်နေရာသို့ အာဏာသိမ်းစစ်ကောင်စီတပ်က စစ်လေယာဉ်အသုံးပြုကာ ပစ်ခတ်မှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ဒီနေ့ မနက်ပိုင်းတော့ လေယာဉ်လာတယ်၊ မနေ့ကလည်းလာတယ်။ လေယာဉ်နဲ့လာကြဲတယ်။ မနေ့ကဆို တိုက်ပွဲက တနေကုန်ဖြစ်တယ်။ ဒီနေ့လည်း တနေကုန်လို့ပြောလို့ရတယ်။ မနက် ၉ နာရီလောက်မှာ ခနရပ်တယ်။ ပြီးတော့ လေယာဉ်လာပြန်တယ်။ ဒီနေ့ နေ့လည်လည်း အသံတွေက ကြားနေရတယ်။ အခုညနေအထိလည်း ပစ်နေကြတယ်” ဟု မံစီဒေသခံတစ်ဦးက ပြောသည်။

မိုးမောက်မြို့က ဒေသခံတစ်ဦးကလည်း “ဒီအခုအမြဲဖြစ်တဲ့ မြို့သစ် ကုန်းလောဘက်ပေါ့၊ အဲ့နေရာရဲ့ အနောက်ဘက်က နောင်ကွန်ဘက်မှာဖြစ်တာ။ မနေ့ကဖြစ်တယ်။ ဗမာရဲ့ စစ်တပ်စခန်းတစ်ခုရှိတယ်။ အဲ့ဒီဘက်မှာ ပစ်ကြတာဟုတ်တယ်။ စခန်းဘယ်လောက်လဲမေ့နေပြီ၊ အဲ့မှာဖြစ်တာဟုတ်တယ်။ အကြာကြီးပဲ ပစ်ကြတာ” ဟု ပြောသည်။

မေလ ၁၁ ရက်နေ့ကလည်း KIA တပ်မဟာ ၃ တပ်ရင်း ၁၅ နယ်မြေနှင့် တပ်မဟာ ၅ တပ်ရင်း ၁၉၊ တပ်ရင်း ၂၅ နယ်မြေအတွင်းတွင်လည်း တိုက်ပွဲများဖြစ်ပွားနေပြီး အဆိုပါနေရာများတွင်လည်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ဗိုလ်မှူးကြီးနော်ဘူက “ဒီအလော့ဒ်ဘွမ်မှာကတော့ မနေ့က လေကြောင်းနဲ့ နှစ်ခါလာပစ်တယ်။ ဒါပေမယ့် မြေပြင်တိုက်ပွဲတွေမရှိဘူး။ ကျနော်တို့ဆီမှာတော့ အဲ့လိုပဲရပါတယ်” ဟု ပြောသည်။

မံစီနှင့် မိုးမောက်မြို့နယ်များအပြင် မြစ်ကြီးနား၊ နမ္မတီးလမ်းကြောင်းတစ်လျှောက်တွင်လည်း စစ်ကောင်စီ၏ယာဉ်တန်းများ မကြာခနဆိုသလို ပစ်ခတ်မိုင်းခွဲတိုက်ခိုက်ခံနေရသည်ဟု ဒေသခံများကပြောသည်။

ထို့အပြင် ရွှေကူမြို့နယ်တွင်လည်း စစ်ကောင်စီတပ်၏ ရိက္ခာများသယ်ဆောင်လာသည့် ရေယာဉ်တစ်စီး ယခုလအတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရသည်ဟု သိရသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...