နမ္မတူမြို့နယ်အတွင်း တအာင်း (ပလောင်) အိမ်ခြေတစ်ရာကျော် မီးရှို့ခံရ

နမ္မတူမြို့နယ်အတွင်း တအာင်း (ပလောင်) အိမ်ခြေတစ်ရာကျော် မီးရှို့ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်းက စစ်ဘေးရှောင်နေကြသည့် တအာင်း (ပလောင်) ပြည်သူများ၏ နေအိမ် အလုံး ၁၁၄ လုံး မီးရှို့ခံထားရသည်ဟု ဒေသခံများက ပြောသည်။

မေလ ၅ ရက်နေ့က လေးလုံး ထပ်မံမီးရှို့ခံလိုက်ရသည်ဟု နမ္မတူဒေသခံတစ်ဦးက ပြောသည်။

“ကျေးရွာအားလုံးပေါင်းက ၁၁၄ အိမ်လောင်သွားတယ်။ ဒီနေ့အထိပေါ့။ မနေ့တုန်းက ထပ်လောင်တာဆိုရင် ရေအိုးကျေးရွာရှိမယ်။ အဲ့ထက်နည်းနည်းစောစောဆိုရင် မန်လီရွာရှိမယ်။ အဲ့ဒီနှစ်ရွာကတော့ နောက်ဆုံးလောင်တဲ့ဟာပေါ့။ ကျနော်တို့ မန်လီနဲ့ ရေအိုးဆိုရင် မန်လီမှာဆိုရင် ၆ ရက်နေ့ကတည်းက စလောင်ပြီးတော့ စစ်ဘေးရှောင်တယ်”

ကျေးရွာများအတွင်း ရွာစောင့်အဖြစ်ကျန်ခဲ့သည့် ရွာသားများကို RCSS က မောင်းထုတ်ပြီးနောက် ယခုကဲ့သို့ မီးလောင်မှုများ ဆက်တိုက်ဖြစ်ပွားလာရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“ရွာထဲမှာ တိုက်ပွဲမဖြစ်တော့ ရွာစောင့်ပုံစံမျိုးနဲ့ အမျိုးသား ၁၂ ယောက်၊ ၁၅ ယောက်လောက်က ရွာထဲမှာသွားပြီး ရွာစောင့်တယ်။ ဒါပေမယ့် ရွာစောင့်တဲ့အချိန်မှာပဲ RCSS တပ်ဖွဲ့က ရွာထဲဝင်လာပြီးမှ မောင်းထုတ်ပြီး တိုက်ပွဲထပ်ဖြစ်တဲ့ပုံစံပေ့ါ။ ဒါပေမယ့် ကျနော်တို့ကြားရသလောက်က လက်နက်ကြီးနှစ်လုံးလောက်ပဲ ကြားရတယ်။ အိမ်မီးလောင်သွားတာမျိုးတွေ ဖြစ်နေတယ်”

နမ္မတူမြို့နယ်အတွင်းက မန်လီနှင့် မန်ဂျက်ကျေးရွာများတွင် အိမ်ခြေအလုံးရေ ၅၀ နီးပါးစီ မီးရှို့ခံလိုက်ပြီး အခြားသော ကျေးရွာများဖြစ်သည့် မန်ဆာ၊ ရေးအိုကျေးရွာများမှ နေအိမ်အချို့လည်းပါသည်ဟု ကျေးရွာများအတွင်း မီးလောင်မှုများကို မှတ်တမ်းသွားရောက်ယူခဲ့သည့် တအာင်းလူငယ်တစ်ဦးက ပြောသည်။

“လက်ရှိအခြေအနေအရဆိုရင် RCSS တစ်ဖွဲ့ပဲ။ မီးလောင်မှုမှာ စစ်ကောင်စီက ပူးပေါင်းပါဝင်မှုမရှိဘူး။ တခြားလက်နက်ကိုင်တွေလည်း ရွာထဲမှာ မရှိဘူး။ မန်ဆာ၊ မန်လီ၊ မန်ဂျက်၊ ရေအိုးရှိမယ်။ အဲ့ရွာတွေက အိမ်တွေ မီးလောင်သွားတာပါ။ အိမ်တွေက တိုက်အိမ်တွေလည်းပါတယ်။ တချို့တွေက သစ်အိမ်တွေပါတယ်။ ကာလပေါက်စျေးက တွက်လို့ရမသေးဘူး။ အိမ်အလုံးလိုက် အပြောင်လောင်တာ။ ဘာပစ္စည်းမှလည်း မကျန်ဘူး။ ကျနော်တို့မှာ သက်သေလည်း အားလုံးရှိတယ်။ RCSS က လုပ်တယ်ဆိုတာလေ”

နမ္မတူမြို့နယ်အတွင်းက မီးလောင်သွားသည့် အိမ်များသည် RCSS လက်ချက်ဖြစ်သည်ဟု ဒေသခံများက ပြောဆိုထားသော်လည်း RCSS ကတော့ ၎င်းတို့မဟုတ်ဘူးဟု RCSS/SSA ပိုင် Tai Freedom ဝက်ဆိုက်နှင့် လူမှုယွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ငြင်းဆိုထားသည်။

နေအိမ်ဆုံးရှုံးသွားသည့် ရွာသားများ၏ နေအိမ်များ ပြန်ဆောက်ပေးရန်နှင့် ပြန်လည်ထူထောင်ရေးအတွက်လည်း အခက်အခဲရှိနေသည်ဟု ၎င်းတအာင်းလူငယ်က ဆက်ပြောသည်။

“အခုချိန်ထိ ရွာသားတွေက ရွာထဲကို ပြန်လို့မရသေးဘူး။ ထွက်ပြေးတိမ်းရှောင်နေရတာ တစ်လတော့ကျော်သွားပြီ။ စစ်ရှောင်စခန်းမှာလည်း သူတို့က စားဝတ်နေရေး အစစအရာရာ အခက်အခဲရှိတယ်။ အခုလက်ရှိအနေအထားဆိုရင် ရွာပြန်မယ်ဆိုရင် မီးလောင်သွားတဲ့လူတွေအတွက် အိမ်တွေပြန်ပြင်ဖို့ ပြန်ဆောက်ဖို့ လိုအပ်တယ်”

နမ္မတူမြို့နယ်အတွင်းရှိ မန်လီ၊ မန်ဆာ၊ မန်ဂျက်နှင့် ရေအိုးကျေးရွာတို့မှ ရွာသားများသည် ဧပြီလ ပထမအပတ်ခန့်ကစတင်၍ ဖြစ်ပွားလာခဲ့သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် တအန်း TNLA၊ ရှမ်း SSPP ပူးပေါင်းတပ်တို့အကြားက တိုက်ပွဲများနှင့် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာပြီး စစ်ဘေးလွှတ်ရာ သီပေါမြို့သို့ စစ်ဘေးရှောင်နေကြရသည်မှာ တစ်လကျော်ရှိသွားပြီဖြစ်သည်။

အဆိုပါဒေသများအတွက် ယခုရက်ပိုင်း တိုက်ပွဲများ ရပ်တန့်နေသော်လည်း ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည်များ နေ့စဉ် ကျရောက်ပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားနေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

Most read this week

December 17, 2025
လာမည့် ၂၀၂၆ ခုနှစ်တွင် မြန်မာပြည်သူ ၁၂ သန်းကျော်သည် ဆာလောင်မွတ်သိပ်မှုဒဏ်ကို ပြင်းထန်စွာ...
December 16, 2025
စစ်ကော်မရှင်က ကျင်းပရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိဘဲ စစ်အာဏာ...
December 15, 2025
မွန်ပြည်တွင် စစ်ကော်မရှင်က ကျားဖြန့်ခေါင်းစဉ်ဖြင့် ရှမ်းပြည်သားများကို တည်းခိုခွင့်...
December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...