ကွတ်ခိုင်တွင် တိုက်ပွဲများကြောင့် ရွာသား ၂၀၀ ကျော် စစ်ဘေးရှောင်နေရ

ကွတ်ခိုင်တွင် တိုက်ပွဲများကြောင့် ရွာသား ၂၀၀ ကျော် စစ်ဘေးရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားပြီးနောက် ရွာသား ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

မေလ ၄ ရက်နေ့ ညနေပိုင်းအချိန်ခန့်ကစတင်ပြီး ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ကြားက တိုက်ပွဲများဖြစ်ပွားခဲ့ရာ မေလ ၅ ရက်နေ့အထိ အနီးတဝိုက်ကျေးရွာများထဲသို့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက လက်နက်ကြီးများနှင့် ဆက်တိုက်ပစ်ခတ်နေသည့်အတွက် ထွက်ပြေးနေရခြင်းဖြစ်သည်ဟု ကွတ်ခိုင်ဒေသခံများက ပြောသည်။

“ဟုတ်တယ် အခုနက ညနေအထိ ဒီဘက်မှာ လက်နက်ကြီးတွေနဲ့ ပစ်တာပေါ့နော်။ ၃ နာရီကျော်ကျော်လောက်ကနေ ပစ်နေတာ။ ရပ်သွားတယ်။ ခနနေပြန်ပစ်တယ်။ ဒီတပ်စခန်းကနေ မြို့မတပ်စခန်းကနေ ပစ်နေတာပါ။ အလုံး ၁၅ လုံးကျော်မယ်။ မနေ့က ညကနေပစ်တာနော်။ မြို့မစစ်ကောင်စီရဲ့ တပ်စခန်းဘက်နေ ပစ်နေတာ။ အခုက အယောက် ၂၀၀ ကျော်လောက် ပြည်လုံးချမ်းသာကျောင်းတိုက်မှာ ဘုန်းကြီးကျောင်းမှာ ရောက်နေတယ်။ ဒီရှောင်လာတဲ့လူတွေကတော့ ဒီ ပြည်လုံးချမ်းသာစုစည်းရပ်ကွက်က ရှောင်လာတာ။ သူက အိမ်ခြေ ၅၀ လောက်ရှိတယ်။ လူဦးရေက ၂၀၀ ကျော်ရှိတယ်” ဟု စစ်ရှောင်များအား သွားရောက်ကြည့်ရှုခဲ့သူ ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့ OHC တိုးဂိတ်အနီးက "ပြည်လုံးချမ်းသာကျောင်းတိုက်" သို့ ပြည်လုံးချမ်းသာ စုစည်းရပ်ကွက် ပြည်သူ ၂၀၀ ကျော် စစ်ဘေးတိမ်းရှောင်ရောက်ရှိနေသည်ဟု ကွတ်ခိုင်ဒေသခံများက ပြောသည်။

ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်ကစတင်ပြီး ယနေ့အထိ ကွတ်ခိုင်မြို့ရှိ မြို့မတပ်စခန်းဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်လျှက်ရှိရာ စစ်ရှောင်ပြည်သူများရောက်ရှိနေသည့် "ပြည်လုံးချမ်းသာကျောင်းတိုက်" အနီးတဝိုက်နှင့် ကျောင်းဝန်းထဲသို့လည်း လက်နက်ငယ် အနည်းအကျဉ်း ထိမှန်ကျရောက်ခဲ့သည်ဟု စစ်ရှောင်များအား သွားရောက်ကူညီစဉ် မြင်တွေ့ခဲ့သည်ဟု မျက်မြင်သက်သေတစ်ဦး က ပြောသည်။

တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က “ပြည်သူတွေ ဘာကြောင့်ပြေးလဲဆိုတာတော့ ကျနော်တို့ဖြစ်တာက ရွာထဲမှာဖြစ်တာမဟုတ်ဘူး။ ကျနော်တို့က တောထဲမှာ။ ဖြစ်ပြီးတော့ တပ်ဘက်က လက်နက်ကြီးတွေပစ်တယ်၊ အဲ့တော့ ကြောက်ပြီးတော့ လူထုတွေက ထွက်ပြေးကြတယ်။ ဒီမနက်လည်း စောစောကပြောသလို တချို့က တိုက်ပွဲလို့ပြောကြတယ်။ အဲ့လိုထင်ကြတယ်။ တကယ်တော့မဟုတ်ဘူး။ ဒီမနက်က လက်နက်ကြီး လက်နက်ငယ်တွေ တပ်ဘက်က အဲ့ဒီရွာပတ်လည်ရော၊ အနီးအနားရော လက်နက်ကြီးတွေပစ်နေတယ်။ ရွာထဲကျမကျတော့ မသိဘူး။ အဲ့ကြောင့်လူထုတွေက ထွက်ပြေးတာဖြစ်တယ်” ဟု ပြောသည်။

ယနေ့တွင် နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားနေခြင်းမရှိကြောင်း၊ မေလ ၄ ရက်နေ့က ကွတ်ခိုင်မြို့နယ်အတွင်းရှိ သာစည်ကျေးရွာနှင့် မန်လုံကျေးရွာကြားတွင် တစ်ကြိမ်၊ မန်ပန်ရွာအနီးတွင် တစ်ကြိမ် စစ်ကောင်စီတပ်ဘက်က TNLA နှင့် MNDAA တပ်ဖွဲ့ဝင်များအား လာရောက်ထိုးစစ်ဆင် တိုက်ခိုက်သည်ဟု ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောသည်။

ကွတ်ခိုင်မြို့က ပြည်သူများက တိုက်ပွဲများ ထပ်မံပြင်းထန်စွာဖြစ်ပွားမည်ကို စိုးရိမ်နေကြသကဲ့သို့၊ ကျေးရွာထဲသို့သာမက ကွတ်ခိုင်မြို့ပေါ်အထိ လက်နက်ကြီးများပစ်ခတ်လာမည်ကို စိုးရိမ်သည်ဟု ပြောသည်။

“အခုပစ်နေတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ နီးတယ်။ အခုပြေးလာတဲ့ လူတွေနေတဲ့ရပ်ကွက်က တော်တော်လေးကိုနီးတာ။ အဲ့ဒါကြောင့် ပြေးလာကြတာ။ အခုပြောနေရင်းနဲ့တောင် တစ်လုံးပြန်ကြားရပြီ (ညနေ ၆ နာရီအချိန်)။ ကျနော်ကတော့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ရွာတွေဘက်ကိုပစ်တယ်။ မြို့ထဲကိုမရောက်သေးပေမယ့် ကျနော်တို့ရပ်ကွက်ထဲက အိမ်တစ်လုံးဆို ကျည်ဆံတစ်လုံးဝင်လာတယ်။ သူတို့ပစ်လိုက်တာလေနော်။ အဲ့လိုမျိုးတွေရှိတဲ့အတွက် မြို့ထဲအထိ လက်နက်ကြီးတွေကျမှာ တိုက်ပွဲတွေဖြစ်မှာကို စိုးရိမ်ရတယ်။ အခုပစ်နေတာက စစ်ကောင်စီရဲ့ မြို့မတပ်စခန်း အမြောက်တပ်ပေါ့ အဲ့ကနေ ရွာတွေဘက်ကို ပစ်နေတာ” ဟု ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောသည်။

ပြည်လုံးချမ်းသာကျောင်းတိုက်သို့ ရောက်ရှိနေသာ စစ်ရှောင်များအတွက် ဒေသခံပြည်သူများနှင့် ဒေသအတွင်းအလှူရှင်များက ၎င်းတို့ နေရေးထိုင်ရေးနှင့် အစားအသောက်များအတွက် စီစဉ်ကူညီပေးနေသည်ဟု သိရသည်။

မေလ ၄ ရက်နေ့ကဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများတွင် ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးရှိခဲ့သည့်အနက် စိုးရိမ်ရသည့် ဒဏ်ရာရရှိသူ ၄ ဦးကို ယခုခါ ကွတ်ခိုင်ဆေးရုံမှ လားရှိုးဆေးရုံသို့ ပို့ထားရသည်ဟု ဒေသခံများက ပြောသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...