ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
မေလ ၄ ရက်နေ့က ညနေပိုင်းကစတင်ပြီး နှစ်ဖက်ကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ ယနေ့နံနက်ပိုင်းအထိ ကွတ်ခိုင်မြို့နယ်အတွင်း လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ကြားနေရသည်ဟု ဒေသခံများက ပြောသည်။
“ဒီနေ့လည်း တနေကုန်ပစ်ခတ်နေတယ်။ လက်နက်ကြီးနဲ့ ကူပစ်နေတာတွေရှိတယ်။ မနေ့ညက ၇ နာရီလောက်ကနေ စပစ်တဲ့အသံတွေ ကြားနေရတယ်။ ကျနော်တို့ကြားတာတော့ TNLA ရယ်၊ ကိုးကန့် MNDAA နဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်တယ်လို့ ပြောတယ်နော်။ မနေ့ညကဖြစ်တော့ တိုးဂိတ်ဘက်မှာ နှစ်ယောက် ပြည်သူထဲက ထိခိုက်တာရှိတယ်။ ပြီးတော့ အောင်ချမ်းသာ ဟိုးရပ်ကွက်ဘက်မှာလည်း ကားစီးလာကို ပစ်ခတ်ခံရတာရှိတယ်။ အဲ့ဒါ ၅ ယောက်။ အခု လေးယောက်ကတော့ လားရှိုးဆေးရုံပို့ထားတယ်။ စိုးရိမ်ရလို့။ တစ်ယောက်ကတော့ ကွတ်ခိုင်မှာပဲ” ဟု ကွတ်ခိုင်မြို့က အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများအနက် ၄ ဦးမှာ စိုးရိမ်ရသည့်အတွက် မေလ ၅ ရက်နေ့တွင် လားရှိုးဆေးရုံသို့ ပို့လိုက်ရသည်ဟု သိရသည်။
ထို့အပြင် ကျေးရွာများအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အိမ် ၅ လုံးခန့် ပျက်ဆီးသွားသည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။
“ရွာတွေထဲကို လက်နက်ကြီးတွေကျနေလို့ ဒေသခံတွေက စိုးရိမ်နေကြတယ်။ အခုထိ အသံက မတိတ်သေးဘူး။ ပစ်လိုက်ရပ်လိုက်ပဲ ဒီနေ့လည်းနော်။ ရွာတွေထဲ လက်နက်ကြီးကျလို့ အိမ်ခြေ ၅ အိမ်လောက် ပျက်ဆီးသွားတာရှိတယ်။ ကျနော်တို့ သွားလို့မရသေးဘူး။ အခြေအနေက ဆိုးနေတယ်။ ကျွဲတစ်ကောင်လည်း ကျည်ထိထားတယ်လို့ပြောတယ်။ ရွာတွေမှာက အိမ်တိုင်းက ကတုတ်ကျင်းတူးထားတယ်။ ဒါပေမယ့် မလုံခြုံဘူး”
တပ်မတော်ဘက်က မေလ ၁ ရက်နေ့မှစတင်၍ တစ်လကြာ တစ်ဖက်သတ်အပစ်ခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသော်လည်း ကွတ်ခိုင်မြို့နယ်အတွင်း တစ်ရက်တည်းတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဒု-ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောသည်။
“မနေ့က ညနေ ၃ နာရီ ၁၅ ကနေပြီးတော့ ၄ နာရီခွဲအထိက ကွတ်ခိုင်မြို့နယ်ထဲက မန်လုံရွာနားမှာဖြစ်တယ်။ ၅ နာရီ ၁၅ ကျတော့ ဒီ မန်ပန်ရွာနားမှာ တစ်ကြိမ်ဖြစ်တယ်။ အဲ့မှာတော့ သိပ်မကြာဘူး။ အဲ့ဟာဖြစ်ပြီးတော့ ဒီနေ့ သတင်းတက်လာတာ မတွေ့သေးဘူး။ မနေ့ကဖြစ်တဲ့အကြောင်းအရင်းက ကျနော်တို့အဖွဲ့နဲ့ MNDAA အဲ့နားမှာရှိနေတဲ့ဟာကို တပ်ဘက်က လာရောက်ထိုးစစ်ဆင်တိုက်ခိုက်လို့ တိုက်ပွဲဖြစ်တာဖြစ်တယ်။ တပ်ရင်းအတိအကျတော့ မသိရဘူး။ အဲ့ဘက်မှာ လှုပ်ရှားတာက တပ်မ ၉၉ လည်းရှိတယ်။ အခုဖြစ်တဲ့နေရာက မြို့နဲ့ ဘယ်လောက်အထိဝေးလဲဆိုတော့ အတိအကျတော့ မသိဘူးနော်။ ကျနော်ထင်တာ ၃ မိုင်ဝန်းကျင်လောက်တော့ ရှိမယ်ထင်တယ်”
တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များလှုပ်ရှားရာ နယ်မြေများအတွင်း စစ်ကောင်စီက မတ်လကစတင်ပြီး သိသိသာသာ တပ်အင်အားတိုးချဲ့မှုများရှိနေသည့်အတွက် တိုက်ပွဲများ အချိန်မရွေး ပြင်းထန်စွာ ထပ်မံဖြစ်ပွားလာနိုင်သည်ဟုလည်း ဒု-ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောသည်။
ကွတ်ခိုင်မြို့နယ်အတွင်းက တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့် အနီးတဝိုက်ကျေးရွာများက ရွာသားအချို့လည်း စစ်ဘေးလွှတ်ရာများသို့ ထွက်ပြေးနေကြရသည်ဟု ဒေသခံများက ပြောသည်။







