ပြည်သူများအား သတ်ဖြတ်နေသည့် စစ်ကောင်စီကို သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည့် အပစ်ရပ်အဖွဲ့များသည် မတရားမှုကို အားပေးသူများနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို သစ္စာဖောက်သည့် အဖွဲ့အစည်းများဖြစ်သည်ဟု တိုင်းရင်းသားအရပ်ဖက်အဖွဲ့အစည်း အချို့က ပြောသည်။
ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ပြောရေးဆိုခွင့်ရှိသူ စောအဲက်စ်က “ဒီတွေ့ဆုံဆွေးနွေးမှုဟာ မဖြစ်သင့်ဘူး။ နောက် လူထုလည်း အားမပေးဘူး။ မလုပ်သင့်တဲ့အရာဖြစ်တယ်။ ပြီးတော့ နောက်တစ်ခု ဒီလိုသွားတွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ဒီမိုကရေစီကို သစ္စာဖောက်တယ်။ နောက်မတရားမှုကို အားပေးတယ်” ဟု ပြောသည်။
“နောက်ပြီးတော့ လူတွေကို သတ်ဖြတ်ပြီးတော့ လုပ်ချင်တာလုပ်တဲ့ စစ်ကောင်စီကခေါင်းဆောင်တွေကိုလည်း သွားပြီးတော့မှ အသိအမှတ်ပြုတဲ့ အဖွဲ့တွေအဖြစ်လို့ပဲလို့ ကျနော်ကတော့ အဲလိုပဲပြောချင်တာပေါ့နော်” ဟု ဆက်ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့က NCA အပစ်ရပ်လက်မှတ်ထိုးထားသည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်း ၂ ဖွဲ့ဖြစ်သည့် DKBA နှင့် KNU/KNLA-PC တို့က စစ်ကောင်စီနှင့် နေပြည်တော်တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြသကဲ့သို့ ဧပြီလ ၃၀ ရက်နေ့ကလည်း မွန်ပြည်သစ်ပါတီ NMSP က စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အတွင်းရေးမှူး နော်ဆဲဆဲကလည်း “တကယ်တမ်းဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက နှစ်ပေါင်းများစွာ စစ်အာဏာရှင်ပဲမဟုတ်ပဲနဲ့ မည်သည့်အာဏာရှင်ကိုမဆို တိုက်ခိုက်ခဲ့တဲ့ အဖွဲ့အစည်းတွေဖြစ်တယ်ပေါ့နော်။ ဒါပေမယ့် စစ်အာဏာက မတရားအာဏာသိမ်းတာကို သူတို့ရဲ့ ညှိနှိုင်းဖော် ညှိနှိုင်းဖက်ပေါ့နော Stakeholder တစ်ခု ညှိနှိုင်းမှုတွေကိုလုပ်တဲ့ Stakeholder တစ်ခုလို သတ်မှတ်တယ်ဆိုကတည်းက သူတို့ရဲ့ရပ်တည်ချက်တွေက မပြတ်သားတာကို ကျမတို့ မြင်ရတယ်ပေါ့နော်” ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင် အချက် ၅ ချက်ပါရှိပြီး လက်ရှိကာလတွင် အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများကို ရပ်ဆိုင်းထားမည်ဆိုသည့်အချက် ပါရှိသည်။
ထိုသို့ထုတ်ပြန်ထားသော်လည်း NCA အပစ်ရပ်အဖွဲ့အချို့က စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပြီး တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအရာများကို အဖွဲ့အစည်းများက တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ဖက်ဒရယ်ရေးရာနှင့် မူဝါဒရေးရာစင်တာ ဒါရိုက်တာ နိုင်ဗညားမွန်က “ဒီ EAO တွေက စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်ပြု ဆွေးနွေးတာလားဆိုတာကို အဲဒါကို ကျနော်တို့ မရှင်းဘူး။ တကယ်လို့ အဲလိုပေါ်မှာဆိုလို့ရှိရင် စစ်ကောင်စီကို အသိအမှတ်ပြုရာကျမယ်လို့ အဲလိုပဲ ကျနော်မြင်တာပေါ့နော။ ကျနော်ကတော့ သိပ်ပြီးတော့ မရှင်းဘူး။ အဲဒီအပေါ်မှာကျတော့ တစ်ဖက်ကလည်း CRPH ရဲ့ လှုပ်ရှားမှုကို ပူးပေါင်းမယ်။ တစ်ဖက်ကလည်း NCA နဲ့ ဘိုင်လယ်ထရယ်ကိုအခြေခံပြီးတော့ ဆွေးနွေးတာ သူတို့ကို အသိအမှတ်ပြုသလားပေါ့။ အဲဒီအပေါ်မှာကျတော့ ဒွိဟတွေ အများကြီးဖြစ်စေတယ်။ ရပ်တည်မှုကလည်း ကျနော်တို့ မရှင်းတဲ့အပေါ်မှာဖြစ်တယ်လို့ ကျနော်မြင်တယ်” ဟု ပြောသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က ရွေးကောက်ပွဲ မဲမသမာမှုကိုအကြောင်းပြပြီး စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် နိုင်ငံတဝန်းရှိ ပြည်သူများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသကဲ့သို့ တိုင်းရင်းသားဒေသများတွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။
ထို့နောက် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် NLD ကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ဖွဲ့စည်းလိုက်ပြီး မတရားအာဏာသိမ်းယူထားသည့် စစ်တပ်အား တရားမဝင်အသင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ထိုထုတ်ပြန်ကြေညာမှုအပေါ် နိုင်ငံတဝန်းရှိ ပြည်သူများနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အချို့က ထောက်ခံကြိုဆိုခဲ့ကြသည်။
နိုင်ဗညားမွန်က “ဒီလိုအနေအထားမျိုးမှာ ဒီ တိုင်းရင်းသားအခွင့်အရေးအတွက်သော်လည်းကောင်း စစ်အာဏာရှင်ဆန့်ကျင်မှု နှစ်ရှည်လများ ဦးဆောင်ခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းတွေက ဘယ်အပေါ်မှာ ရပ်တည်မလဲဆိုတဲ့အချက်က အခြေခံကျတယ်။ တကယ်လို့ ပြည်သူလူထုဖက်က မားမားမတ်မတ်ရပ်တည်ပြီး ဦးဆောင်မယ်ဆိုရင် ပြည်သူလူထုထောက်ခံမှုတော့ ပိုရသွားမယ်ဆိုတော့ လက်ရှိအနေအထားမျိုးမှာ KIA တို့ KNU လို လူထုထောက်ခံမှုကိုရတယ်။ လူထုလည်း သူတို့အဖွဲ့အစည်းအပေါ် အများကြီးမျှော်လင့်တယ်ပေါ့။ ဦးဆောင်မှုပေးနိုင်တယ်” ဟု ပြောသည်။
ထို့အပြင် “ဒါပေမယ့် ဒိပြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဘယ်ပေါ်မှာ ရပ်တည်နေသလဲ တကယ်လို့ လူထုအပေါ်မှာ ရပ်တည်မယ်ဆိုရင် လူထုကတော့ ထောက်ခံမှုတော့ ပိုလာမှာပဲ။ ဒါပေမယ့် အဲလိုပုံစံမဟုတ်ပဲနဲ့ ရပ်တည်မှုက ဝေဝါးတဲ့သူသော်လည်းကောင်း သို့မဟုတ် ရပ်တည်မှုက မရှင်းလင်း မပြတ်သားတဲ့ ပုံစံမျိုးဖြစ်မယ်။ လူထုယုံကြည်မှုကတော့ ကျမှာပဲလို့ ကျနော် အဲသလိုပဲထင်မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပွဲက ကြားနေလို့ရတဲ့ ပွဲမျိုးမဟုတ်ဘူးလို့ ကျနော် အဲလိုပဲမြင်ပါတယ်။ လူထုက အဲလိုပဲမြင်တယ်လို့ ကျနော် အဲသလိုပဲ သုံးသပ်မိပါတယ်” ဟု နိုင်ဗညားမွန်က ဆက်ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ကြားနေမှုပုံစံမျိုးမဟုတ်ပဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မည်ဆိုသည့် မူလရပ်တည်ချက်အတိုင်း ခိုင်မာသည့်ဆုံးဖြတ်ချက်ချမှတ်ကာ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးကို ဦးတည်လုပ်ဆောင်ရန် WLB အတွင်းရေးမှူး နော်ဆဲဆဲက တောင်းဆိုသည်။
၎င်းက “ကျမတို့က ဒီ လက်ရှိအခြေအနေမှာ ကျမတို့ တိုက်တွန်းချင်တာက ဒီစစ်အာဏာရှင် အမြစ်ပြုတ်ရေးကိုပဲ အဓိကဦးတည်ပြီးတော့ လုပ်ဆောင်စေချင်တယ် ကိုယ့်နေရာ ကိုယ့်ဒေသမှာပေါ့နော။ အခုဆိုရင် ကရင်၊ ကချင်ပဲ အဓိက တိုက်ပွဲတွေဖြစ်ပြီးတော့ အဓိကခံနေရတဲ့ လူထုတွေကလည်း ကရင် ကချင်လူထုတွေပဲ ဖြစ်နေတယ်ပေါ့နော။ ဆိုတော့ ကျမတို့သာ တကယ်လို့ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့အသီးသီးက သူနေရာနဲ့သူ ဒီစစ်အာဏာရှင်အမြစ်ပြုတ်ရေးကိုပဲ အဓိကဦးတည်ပြီးတော့ လုပ်ဆောင်သွားမယ်ဆိုရင် ကျမတို့ရောက်ချင်တဲ့အောင်မြင်မှု ကျမတို့သွားချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကလည်း အမြန်ဆုံး ရောက်ရှိနိုင်မှာဖြစ်တယ်ပေါ့နော” ဟု နော်ဆဲဆဲက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အချို့က အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်ကာ တိုက်ခိုက်နေသော်လည်း အချို့အဖွဲ့များမှာ ဆုံးဖြတ်ချက်ပြတ်သားမှုမရှိပဲ ကြားနေသည့်သဘောမျိုးကို တွေ့နေရသည့်အတွက် အားမလိုအားမရဖြစ်ရသည်ဟု ပြည်သူများနှင့် အရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။
လက်ရှိအချိန်သည် စစ်အာဏာရှင် အမြစ်ပြတ်အောင်လုပ်ဆောင်နိုင်ရန် အကောင်းဆုံးအချိန်ကာလဖြစ်သည့်အတွက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအနေဖြင့် အာဏာသိမ်းထားသည့် စစ်ကောင်စီအား သွားရောက်တွေ့ဆုံဆွေးနွေးမှုမပြုရန်နှင့် မူလရည်မှန်းချက်အတိုင်း ဖက်ဒရယ်နှင့် ဒီမိုကရေစီပြည်ထောင်စုရရှိအောင် တိုက်ပွဲဝင်ပေးကြရန် အရပ်ဖက်အဖွဲ့များက တိုက်တွန်းတောင်းဆိုသည်။







