ကချင်ပြည်နယ်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးအား ပစ်ချနိုင်

ကချင်ပြည်နယ်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးအား ပစ်ချနိုင်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်နှင့် ကုန်းလောကျေးရွာများအနီးတဝိုက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ချလိုက်သည်ဟု KIO/KAI က ပြောသည်။

အဆိုပါဒေသအတွင်း ယနေ့နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က လေယာဉ်များဖြင့် လာရောက်ပစ်ခတ်နေခြင်းဖြစ်ကြောင်း၊ အဆိုပါလေယာဉ်များထဲမှ ရဟတ်ယာဉ်တစ်စီးကို KIA ဘက်က ပစ်ချလိုက်ခြင်းဖြစ်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA က အတည်ပြုပြောသည်။

“ဟုတ်ကဲ့ Confirm တော့ဖြစ်ပါတယ်။ ဒီမနက် ၈ နာရီကျော် ၁၀ နာရီဝန်းကျင်လောက်ပေါ့နော်။ အဲ့ဒီကတည်းကနေ ဒီမြို့သစ် ကုန်းလော့ရဲ့ စလောင်းကောင်ဖက်မှာ စစ်ကောင်စီတွေဟာ ကျနော်တို့ ရှေ့နေရာဖက်မှာ ဒီ ဂျက်ဖိုက်တာပေါ့နော အဲလိုလေကြောင်းကနေ တိုက်ခိုက်တာရှိတယ်။ Helicopter Gunship (တိုက်ခိုက်ရေး ရဟတ်ယာဉ်) နဲ့ လာပြီးတော့ ပစ်တာရှိတယ်။ အဲဒါကြောင့် ကျနော်တို့ဖက်ကနေ ခုခံပစ်ခတ်လို့ အခုလိုမျိုး ဒီ Helicopter တစ်စီး ထိမှန်သွားတာဖြစ်ပါတယ်။ Confirm ပြောလို့ရပါတယ်” ဟု KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

ယနေ့ လေယာဉ်တစ်စီး ပစ်ချခံရသည့်နေရာအနီးတဝိုက်တွင် နှစ်ဖက်ကြား တိုက်ပွဲများဖြစ်ပွားနေသည်မှာ တစ်ပတ်ကျော်ကြာရှိပြီဖြစ်ပြီး၊ စစ်ကောင်စီဘက်က လေယာဉ်ရော၊ မြေပြင်ထိုးစစ်များဖြင့်ပါ ရက်ဆက်ပစ်ခတ်နေခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

“Gunship (တိုက်ခိုက်ရေး ရဟတ်ယာဉ်) ကတော့ တစ်စင်းပဲလာတယ်လို့ပြောတယ်။ ဂျက်ဖိုက်တာကတော့ ၂ စင်းလာတယ်လို့ပြောတယ်။ နေ့တိုင်းဖြစ်ပါတယ်။ နေတိုင်းဆိုတာက အခု ဒီနေ့နဲ့ဆိုလို့ရှိရင် ၇ ရက် တစ်ပတ် နည်းနည်ကျော်ပြီ ၈ ရက်လောက်ရှိပါပြီ။ အဲမှာ လေကြောင်းနဲ့ လာတာ နောက် လက်နက်ကြီးနဲ့ပစ်တာ မြေပြင်ကနေပစ်တာကတော့ ၅ ရက်လောက်ရှိပြီ။ အဲမှာ နည်းနည်းငြိမ်သွားတာပေါ့နော လေကြောင်းကနဲ့ပဲ ပစ်တာ။”

မိုးမောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းကုန်းငယ်အချို့နှင့် အလော့ဒ်ဘွမ် (တောင်) စခန်းကုန်းတို့ကို KIA က သိမ်းယူခဲ့ပြီးနောက် အဆိုပါ စစ်စခန်းကုန်းများ ပြန်လည်ရယူဖို့ စစ်တပ်ဘက်က ကြိုးစားနေသည့်အတွက် ၎င်းဒေသအတွင်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေရခြင်း ဖြစ်သည်ဟု KIO/KIA က ပြောသည်။

“ကုန်းလော့ရဲ့ အရှေ့ဖက်ကကုန်းပေါ့နော အဲဒီက မိုင်ခရိုဝေ့တာဝါတိုင်ရှိပါတယ်။ အဲဒီဖက်ကစခန်းကို KIA ဖက်ကနေ သိမ်းထားတာ အဲဒါကို သူတို့လည်း ပြန်ရချင်လို့ တိုက်တာဖြစ်ပါတယ်။ အဲဒီကုန်းကတော့ ဒီမြို့သစ်၊ ကုန်းလော့အတွက်လည်း တော်တော်လည်း လုံခြုံရေး ဒီအခြေခံကျတဲ့ ကုန်းတပ်ကုန်းဖြစ်ပါတယ်။ ဆိုတော့ အဲဒါပြန်ရဖို့အတွက်လည်း ဒါတစ်ချက် ဒုတိယတစ်ချက်ကတော့ အလော့ဒ်ဘွမ်ကို ထိုးစစ်ဆင်ဖို့က အဲကနေစပြီးမှ ထိုးစစ်ဆင်ရတာဖြစ်ပါတယ်။ ဆိုတော့ အဲဒီဖက်ကနေအခြေခံပြီးမှ သူတို့က စစ်ဆင်ရေးလုပ်တာဖြစ်ပါတယ်။”

မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ စီးဟက်၊ ကုန်းလောနှင့် တာပိန်မြစ်တစ်လျှောက်က ကျေးရွာများအနီးတွင် နှစ်ဖက်ကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် လေယာဉ်များဖြင့်လည်း ဆက်တိုက် လာရောက် ပစ်ခတ်နေသည့်ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မိုးမောက်မြို့က ဒေသခံတစ်ဦးက “ကျမတို့နေတဲ့နေရာနဲ့ အခုဖြစ်တဲ့နေရာနဲ့တော့ ဝေးတယ်။ အသံတွေတော့ ကြားနေရတယ်။ မနက်ကတည်းက တိုက်ပွဲတွေဖြစ်နေတာပေါ့။ ရွာသားတွေ ဒဏ်ရာရတာလည်းရှိတယ်လို့တော့ ပြောတယ်။ အတိအကျမသိရသေးဘူး။ ကျမတို့က အသံကြားတာနဲ့ ကတုတ်ကျင်းတွေထဲ ပုန်းနေရတာ။ အခုတောင်မှ ကတုတ်ကျင်းမှာပဲ” ဟုပြောသည်။

မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၅၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြီး ခရစ်ယာန်ဘုရားကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ဧပြီလ ၃၀ ရက်နေ့ (ယနေ့) တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက်ဟုဆိုကာ မေလ ၁ ရက်နေ့ မှ ၃၁ ရက်နေ့အထိ အပစ်ရပ် တစ်လတာထပ်တိုးကြောင်း ထုတ်ပြန်ထားပြန် ထားသော်လည်း ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်ထဲတွင် နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...