မောင်ဂွမ်ဆိုင်းအောင် ပစ်သတ်ခံရခြင်း (၁၀)လ ပြည့်

မောင်ဂွမ်ဆိုင်းအောင် ပစ်သတ်ခံရခြင်း (၁၀)လ ပြည့်
by -
ကေအဲန်ဂျီ
တပ်မတော်သား မောင်မောင် ပစ်သတ်လိုက်သည့် မောင် ဂွမ်ဆိုင်းအောင် သေဆုံးခြင်း (၁၀)လ ပြည့် အောက်မေ့ သတိရ ဆုတောင်းခြင်း အစီစဉ် နှင့် ဖြစ်စဉ်အမှန် သတင်းစာ ရှင်းလင်းပွဲကို ဧပြီ ၂၆ ရက်နေ့ သူ၏ နေအိမ်တွင် ပြုလုပ်ခဲ့သည်။

လွန်ခဲ့သည့်နှစ် ဇွန်လ ၂၀ ရက်ည မြစ်ကြီးနားမြို့ သီတာရပ်ကွက် တွင် မြန်မာ့တပ်မတော် ထောက်ပို့ မှ တပ်သား မောင်မောင် (တ/၅၁၁၅၆၈) ပစ်ခတ်သည့် ကျည် ၃ ခု ကြောင့် အသက် ၁၉ နှစ်အရွယ် ကွန်ပြူတာ ပထမနှစ် ကျောင်းသား မောင် ဂွမ်ဆိုင်းအောင် သေဆုံးခဲ့ပြီး ကျူးလွန်သူ တပ်မတော်သားကို မြစ်ကြီးနား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) စစ်ခုံရုံးက ထောင်ဒဏ် ၂ နှစ်သာ ချမှတ်ခဲ့သည်။

မြန်မာ့ တပ်မတော် စစ်ခုံရုံးက လူသတ်မှု ကျူးလွန်သူကို ထောင်ဒဏ် ၂ နှစ်သာ ချမှတ်မှု အပေါ် သေဆုံးသူ၏ ဖခင် ဦး ဂေးဝါ ယခု လိုပြောသည်။

“ကိုယ့်သားကို ကျည် ၃ ချက် နဲ့တောင် ပစ်သတ်တဲ့သူကို ထောင်ဒဏ် ၂ နှစ်ပဲ ချမှတ်တယ်ဆိုတော့ စိတ်ထဲ သိပ်တော့ မကျေနပ်ဘူးပေါ့။ ဒါပေမယ့် ကိုယ်လည်း တရားဥပဒေအကြောင်း ဘာမှ နားမလည်သူ ဆိုတော့။”

ဤအမှု နှင့် ပတ်သက်ပြီး မြန်မာ့တပ်မတော် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး ၂၀၁၆ ဇူလိုင် ၂၀ ရက် ရန်ကုန်မြို့ ဇေယာ သီရိဗိမာန် သတင်းစာရှင်းလင်းပွဲ တွင် ‘သေဆုံးသူ ဂွမ်ဆိုင်းအောင် နှင့်အဖွဲ့ က လုံခြံုရေး တပ်မတော်သား (၂) ဦးကို ဝိုင်းထိုးကြိတ်ပြီး သေနတ်လုခဲ့တဲ့အတွက် မတော်တဆ ကျည်လွတ်သွားတာ’ ဖြစ်ကြောင်း ကျူးလွန်သူ ကို ကာကွယ် ပြောဆိုသွားခဲ့သည်။

ပြည်သူလူထု (အရပ်သား) များနှင့် စပ်ဆိုင်သည့် မှုခင်းများကို အရပ်ဘက် တရားရုံးမှာသာ လွတ်လပ်တရားမျှတစွာ စီရင်ဆုံးဖြတ် နိုင်ရန် မောင်ဂွမ်ဆိုင်းအောင် သေဆုံးမှု ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး ကော်မတီက အကြံပြုတိုက်တွန်းထားသည်။

သေဆုံးသူ နှင့် သက်သေဖြစ်သည့် သူ၏ မိတ်ဆွေ ၃ ဦး ကို မြန်မာ့တပ်မတော်ဘက်မှ တရားခံအဖြစ် စွပ်စွွဲထားရာမှ ပြည်သူအားလုံး၏ ပါဝင်မှုကြောင့် ပြန်လည် ကယ်တင်နိုင်ခဲ့သည်ဟု ဤအမှုမှာ ပါဝင် ကူညီပေးသူ တရားရှေ့နေ ဦးခွန်နောင် က ပြောသည်။

“လူထုရဲ့ ပါဝင်မှုကြောင့် တရားခံ ဘဝကနေ တရားလို မဟုတ်ပေမယ့် အမှန် နစ်နာသူအဖြစ် ပြောင်းလိုက်နိုင်တာက အောင်မြင်မှုဖြစ်တယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းက ပြည်သူနဲ့ စစ်တပ် ထိပ်တိုက် တွေ့ပြီဆိုရင် ကြောက်ရ တယ်လေ။ အခုတော့ သူ့မိတ်ဆွေ ၃ဦး ကိုလည်း ပြန်ကယ်ထုတ်နိုင်ပါပြီ။”

အခြေအနေ အခက်အခဲများကြောင့် ဖြစ်ရပ်မှန် သတင်းစာ ရှင်းလင်းပွဲကို ၁၀ လ ပြည့်မှ ပြုလုပ်နိုင်ခဲ့ကြောင်း အစီစဉ် ဦးဆောင်ခဲ့သည့် မြစ်ကြီးနား ကချင်လူထု သွေးစည်းရေး အဖွဲ့ က ပြောသည်။

ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်မှ ဒေသခံ ပြည်သူများကို လူ့အခွင့်အရေး ချိုးဖောက်မှု ရာဇဝတ်မှုများစွာ ရှိနေပါသည်။ သို့သော်လည်း အမှုမှန် ဖော်ထုတ်ပြီး အရေးယူမှုမှာ အလွန်နည်းပါး နေသည်ကို တွေ့ရသည်။

ထို့ကြောင့်လည်း မြန်မာပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို တရားမျှမှု ပေါ်ပေါက်လာအောင် ဆောင်ရွက်ပေးနိုင်သည့် လူ့အခွင့်အရေးကော်မရှင် ဖြစ်ပေါ်လာစေရန် မောင်ဂွမ််ဆိုင်းအောင် သေဆုံးမှု အမှုမှန် ပေါ်ပေါက်ရေး ကော်မတီက တိုက်တွန်းထားသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...