စစ်အုပ်စု၏ ဆိုက်ဘာလုံခြုံရေး ဥပဒေ(မူကြမ်း)အပေါ် အရပ်ဖက်အဖွဲ့ ၁၅၀ကျော် လက်မခံ

စစ်အုပ်စု၏ ဆိုက်ဘာလုံခြုံရေး ဥပဒေ(မူကြမ်း)အပေါ် အရပ်ဖက်အဖွဲ့ ၁၅၀ကျော် လက်မခံ

အာဏာသိမ်းစစ်အုပ်စုမှ ရေးဆွဲထုတ်ပြန်ထားသည့် ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း) ပေါ်ထွက်လာမှုအပေါ် အရပ် ဖက်အဖွဲ့အစည်းပေါင်း တစ်ရာကျော်မှ လက်မခံ ကန့်ကွက်ကြောင်း ယမန်နေ့ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ကြေ ညာလိုက်သည်။

ဖေဖော်ဝါရီလ ၉ရက်ပါ နေ့စွဲဖြင့် ပေါ်ထွက်လာသည့် အဆိုပါ ဆိုက်ဘာလုံခြုံရေးဥပဒေ( မူကြမ်း)ကို ရေးဆွဲသူများ သည် ပြည်သူများက ရွေးကောက်တင်မြောက်၍ ဥပဒေ ပြုအာဏာ အပ်နှင်းခံထားရသူများ မဟုတ်သည့်အတွက် ဥပဒေမူကြမ်းတစ်ရပ်အဖြစ် လက်မခံနိုင်ကြောင်း အရပ်ဖက် (၁၅၈)ဖွဲ့က စုပေါင်းသဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

“ကနဦးအချက်အနေဖြင့် ယင်းကိုရေးဆွဲသူများမှာ အများပြည်သူက အပ်နှင်းသော အာဏာကို ရရှိထားသူ အစိုးရက ခန့်အပ်ထားခြင်း မဟုတ်သည့်အတွက် ထိုဥပဒေ(မူကြမ်း)ဟူသော အရာသည် မည်သည့်တရားဝင်ခြင်းမျှ မရှိဘဲ စာရွက်တစ်ရွက်အဖြစ်သာ ရှိသည်ဟု မိမိတို့မှ လက်ခံထားသည်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့အပြင် မူကြမ်းပါအချက်များသည် အများပြည်သူ၏ အွန်လိုင်းပေါ် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အချက်အ လက်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံပိုင်ခွင့် အစရှိသည့် အခွင့်အရေးများအပြင် အခြားအခြေခံ အကျဆုံးသော ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများကိုလည်း ဆိုးရွားစွာ ချိုးဖောက်ကာ အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့အား ပြည်သူလူထုက အွန် လိုင်းတွင် ဆန့်ကျင်ရေးသား၊ လှုပ်ရှားနေမှုများကို ကန့်သတ်ရန် ရည်ရွယ်လုပ်ဆောင်ထားခြင်းသာဖြစ်ကြောင်းလည်း ပြောဆိုသည်။

ယခုလို လုပ်ဆောင်မှုမျိုးကို အချိန်မီမတွန်းလှန်နိုင်လျှင် ပြည်သူ့အခွင့်အရေးများ ဆုံးရှုံးပြီး ဖိနှိပ်အုပ်စိုးမှုကို ဆက်လက် သက်ဆိုးရှည်စေနိုင်မည်ဖြစ်ကြောင်းနှင့် တိုင်းပြည်အာဏာကို မတရားသိမ်းယူထားသည့် စစ်အုပ်စု၏ ယခုကဲ့သို့ လုပ် ဆောင်လာမှုမျိုးကို လုံးဝ ရှုတ်ချကြောင်းလည်း အဆိုပါအရပ်ဖက်အဖွဲ့များ၏ သဘောထားထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

“ဒီ Cyber security bill သည် legitimacy ရှိတဲ့သူတွေက ရေးဆွဲထားတာ မဟုတ်ဘူး။ ကျမတို့ ခန့်အပ်ထားတဲ့ လွှတ် တော်၊ လွှတ်တော်က ဥပဒေပြုအာဏာကို ရယူထားတဲ့သူတွေ ရေးဆွဲထားတာ မဟုတ်တဲ့အတွက် သူ့ကိုတော့ ဥပဒေ ကြမ်းတစ်ခုအနေနဲ့ သတ်မှတ်ဖို့က မဖြစ်နိုင်ဘူး။ ကျမတို့ ဥပဒေမူကြမ်းတစ်ရပ်အနေနဲ့ လက်မခံနိုင်ဘူး။ ဒီမူကြမ်းကြီး က စစ်တပ်ကနေပြီးတော့ ကျမတို့ပြည်သူတွေ၊ သတင်းမီဒီယာနဲ့တကွ တခြား အားလုံးသော ပြည်သူတွေရဲ့ လူ့အခွင့် အရေးအရပ်ရပ်ကို အထူးသဖြင့် (civil and political right) နိုင်ငံရေးနဲ့ နိုင်ငံသားအခွင့်အရေးအားလုံးကို ချိုးဖောက်ဖို့ အတွက် ဒါဟာ လုပ်ထားတဲ့ဥပဒေ ဖြစ်ပါတယ်။”ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည့် Free Press Myanmar အဖွဲ့၏ ဒါရိုက်တာ မရင်ရတနာသိန်းက ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ သူမက “ပုဒ်မ ၃၀မှာဆိုရင် ကျမတို့ရဲ့ User data တွေကို သိမ်းဆည်းထားရမယ် ဆိုတဲ့ဟာမျိုး ဖော်ပြ ထားတာ တွေ့ရတယ်။ ဒါဟာ zero လူ့အခွင့်အရေးပါ။ နောက်ပြီး ဒါဟာ zero democratic standard ဖြစ်နေတဲ့ စာ ရွက်တစ်ရွက်သာ ဖြစ်နေတယ်။ ဒါကို ဆက်လက်ပြီးတော့မှ မဆန့်ကျင်ဘူးဆိုရင် ဒီထက်ပိုပြီး နှစ်ပေါင်းများစွာ ဖိနှိပ် ချုပ်ချယ်ခွင့်ကို ဒီစစ်တပ်ကနေ ရသွားမှာဖြစ်တယ်။”ဟုလည်း ပြောဆိုသည်။

အထူးသဖြင့် အဓိက အစိတ်အပိုင်းများဖြစ်သည့် သတင်းအချက်အလက် ရှာဖွေရရှိပိုင်ခွင့်၊ သိမ်းဆည်းပိုင်ခွင့်နှင့်တဆင့် ပြန်လည်ဖြန့်ဖြူးပိုင်ခွင့်များ အားလုံးကို ချိုးဖောက်ထားကြောင်း တွေ့ရှိရသဖြင့် တိုက်ရိုက် ထိခိုက်မှုမှာ သတင်းမီဒီယာ သမားများဖြစ်လာနိုင်ပြီး ပြည်သူလူထု၏ သတင်းအချက်အလက် ပုံမှန် အသုံးပြုနိုင်သည့် အခွင့်အရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်လာနိုင်သည်ဟုလည်း ရင်ရတနာသိန်းက ပြောသည်။

အလားတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၉ရက် နေ့စွဲဖြင့် ဆိုက်ဘာလုံခြုံရေးဥပဒေ (မူကြမ်း)ဆိုသည့် ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ကာ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှု လိုင်စင်ရရှိသူများကို မူကြမ်းနှင့်ပတ်သက်ပြီး သဘောထားမှတ်ချက် တောင်းခံခဲ့ပြီး ၎င်းအပေါ် ဖေဖော်ဝါ ရီလ ၁၅ရက်နေ့ နောက်ဆုံးထား၍ သဘောထားမှတ်ချက်များ ပြန်လည်ပေးပို့ရန် ညွန်ကြားထားခြင်းဖြစ်သည်။

အဆိုပါမူကြမ်းမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့်ပတ်သက်၍ ချင့်ချိန်တွေးတောထားခြင်းမရှိဘဲ အာဏာရှင်ထံမှ ဆင်းသက်လာသည့်အတွေးများဖြင့် ပုဂ္ဂလိကအခွင့်အရေးကို တိတိပပ ချိုးဖောက်ရန်ကြိုးစားထားခြင်းဖြစ်ကြောင်း လည်း အရပ်ဖက်အဖွဲ့အစည်းများက သုံးသပ်ထားကြသည်။

ယင်းသို့ သဘောထားထုတ်ပြန်သည့် အရပ်ဖက် အဖွဲ့အစည်းများထဲတွင် ပြည်တွင်းပြည်ပနှင့် နယ်စပ်အခြေစိုက် အမျိုး သမီး၊ လူငယ်၊ တိုင်းရင်းသားနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်နေသော အဖွဲ့အစည်းများစွာ ပါဝင်သည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...