မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေး ပြုလုပ်မည်၊ အာဏာသိမ်း စစ်အစိုးရ၏ ကောင်စီဝင် ကမ်းလှမ်းချက် လက်ခံ မခံ ပြန်လည်ဆွေးနွေးမည်ဟု ဆို

မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေး ပြုလုပ်မည်၊ အာဏာသိမ်း စစ်အစိုးရ၏ ကောင်စီဝင် ကမ်းလှမ်းချက် လက်ခံ မခံ ပြန်လည်ဆွေးနွေးမည်ဟု ဆို

အာဏာသိမ်း စစ်အစိုးရ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်တစ်ဦး တာဝန်ယူပေးရန် ကမ်းလှမ်းချက်အပေါ် မွန်ညီညွတ်ရေးပါတီ (MUP) က သဘောတူလက်ခံထားခြင်းကိစ္စနှင့်စပ်လျဉ်း၍ ပါတီတွင်း ပြန်လည်သုံးသပ် ဆွေးနွေးသွားရန်ရှိကြောင်း MUP အတွင်းရေးမှူးအဖွဲ့ဝင် နိုင်စိုးမြင့်ထံမှ သိရသည်။

လာမည့် ဖေဖော်ဝါရီ ၁၂ တွင် ပြုလုပ်ရန် လျာထားသည့် ပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေး၌ ယင်းကိစ္စကို ပြန်လည်တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း နိုင်စိုးမြင့်က ပြောကြားသည်။

“အခု CEC (ဗဟိုအလုပ်အမှုဆောင်ကော်မတီ) က ချမှတ်ထားတဲ့ စစ်အာဏာသိမ်းအစိုးရအဖွဲ့မှာ ပါဝင်ရေးမှာ မပါဝင်ရေးအတွက် အဆိုတင်သွင်းသွားမှာပါ”ဟု ၎င်းက ဆိုသည်။

ထိုကိစ္စကို ပါတီ မူဝါဒနှင့်အညီ ပြန်လည်သုံးသပ်ဆွေးနွေးနိုင်ရေးအတွက် ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကို အမြန်ဆုံး ခေါ်ယူပေးရန် ပါတီ ဥက္ကဌနှင့် အတွင်းရေးမှူးအဖွဲ့ထံ ကော်မတီဝင် ၁၂ ဦးက လက်မှတ်ရေးထိုး တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ပါတီတာဝန်ရှိသူ တစ်ဦးထံမှလည်း သိရသည်။

စစ်အစိုးရ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် မွန်ညီညွတ်ရေးပါတီမှ ကောင်စီဝင် တစ်ဦး ပါဝင်ရန် ကမ်းလှမ်းချက်ကို သဘောတူ လက်ခံကြောင်း လက်ရှိအချိန်၌ ပြောဆိုထားသည်။ မော်လမြိုင်မြို့ ပိုင်ခေတ်ခန်းမ၌ ဖေဖော်ဝါရီ ၆ က ကျင်းပခဲ့သော CEC အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ပါတီ တွဲဖက်အတွင်းရေးမှူး နိုင်လယိတမက ပြောကြားသည်။

ယင်းကိစ္စ လက်ခံရန် ဆုံးဖြတ်ချက်အပေါ် မွန်လူငယ်များအပါအဝင် မွန်နိုင်ငံရေး လေ့လာစောင့်ကြည့်သူတို့က ဝေဖန်ထောက်ပြကြသလို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချမှုများလည်း ရှိခဲ့သည်။

ထို့ပြင် MUP ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမင်းစိုးလင်းက ပါတီ CEC ဗဟိုအလုပ်အမှုဆောင်များအနက် အများစု လက်ခံသည်မှာ မှန်သော်လည်း ကန့်ကွက်သူ မရှိ ဆိုသည်မှာ မမှန်ကန်ကြောင်း၊ ကန့်ကွက်သူများ ရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၇ တွင် ဟင်္သာမီဒီယာကို ပြောကြားခဲ့သည်။

နိုင်ငံတော်ကောင်စီဝင်တစ်ဦး ပါဝင်တာဝန်ယူရန် MUP ၏ လက်ခံမှုနှင့်စပ်လျဉ်း၍ ပါတီဗဟိုအလုပ်အမှုဆောင် နိုင်ရဲဇော်က ပါတီမူဝါဒအပေါ် အခြေပြု စဉ်းစားရန် အရေးကြီးကြောင်း၊ မူဝါဒနှင့် ဆန့်ကျင်သွေဖီနေပါက မည်သည့်ကိစ္စကိုမျှ လက်ခံရန် မသင့်ကြောင်း မှတ်ချက်ပြုသည်။

ဖေဖော်ဝါရီ ၆ ရက်က ပါတီ CEC အစည်းအဝေးသို့ အဝေးရောက်နေသဖြင့် မတက်ရောက်နိုင်ခဲ့သလို မကြာမီ ပြုလုပ်မည့် အရေးပေါ် အစည်းအဝေးသို့လည်း တက်ရောက်နိုင်ဖွယ်မရှိသည့် နိုင်ရဲဇော်က သူ၏အမြင်ကို ဖေဖော်ဝါရီ ၈ တွင် ဟင်္သာသို့ ယခုလို ပြောကြားသည်။

“ကျွန်တော့်အနေနဲ့ကတော့ ပုဂ္ဂလိကဓိဌာန်အရ အဲဒီကောင်စီမှာ သွားပြီးတော့ လုပ်တာက ဘာမှ ပြောစရာ မရှိဘူး။ လူပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ ဆန္ဒဖြစ်မှာပေါ့နော်။ ပါတီအနေနဲ့ကျတော့ ကျွန်တော်တို့ပါတီရဲ့ မူဝါဒ စည်းမျဉ်းမှာ ဘာပါလဲဆိုတော့ ‘မည်သည့်အာဏာရှင်အစိုးရမျှ မပေါ်ပေါက်ရေးကို ဆောင်ရွက်သွားရန်’ ဆိုတာ ပါတယ်။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ပါတီ CEC အစည်းအဝေးမှာလည်း အများကြီး ဆွေးနွေး ဆင်ခြေတွေ ပေးကြတယ် ပြောတာပဲ။ သို့သော် ယေဘုယျတော့ အားလုံး သဘောပေါက်ပြီးသားပါလေ၊ ဘယ်လိုအစိုးရက အုပ်ချုပ်ရင် ဘယ်လို အာဏာရှင်စနစ်၊ ဒီမိုကရေစီစနစ်က ဘယ်လို၊ အာဏာရှင်စနစ်က ဘယ်လိုဆိုတာ ငြင်းနေစရာတော့ မရှိပါဘူး။ ဒါပေမဲ့ ငြင်းခုန်ဆွေးနွေးပြီးတဲ့အခါမှာ ဒါ လုပ်လို့ ရတာပဲ၊ NLD တုန်းကလည်း ပါတာပဲ၊ ဒီကောင်စီမှာလည်း ပါလို့ ရတာပဲ ဆိုတာ တကယ်တမ်းတော့ မမှန်နေဘူးလို့ ကျွန်တော့်အနေနဲ့ ယူဆတယ်”ဟု ဆိုသည်။

လက်ရှိအာဏာပိုင် စစ်ကောင်စီတွင် ပုဂ္ဂိုလ်ရေးအရ တာဝန်ယူမည်ဆိုလျှင် ပြောဆိုဖွယ် မရှိသော်လည်း ပါတီကိုယ်စားပြုအနေဖြင့်မူ ပါတီမူဝါဒကို ဗဟိုပြု ဆုံးဖြတ်ကြရန် လိုအပ်ကြောင်း နိုင်ရဲဇော်က ယူဆနေသည်။

ယခုအခြေအနေမှာ အာဏာသိမ်း စစ်အစိုးရ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် မွန်ညီညွတ်ရေးပါတီကိုယ်စားပြုအဖြစ် ဒေါက်တာဗညားအောင်မိုးက တာဝန်ယူရန် သဘောတူလက်ခံထားသည့် အနေအထားဖြစ်သည်။

Most read this week