UNFC အဖွဲ့ဝင်များ ၂၁ ရာစုပင်လုံ မတက်ဖြစ်ပါက အခြားနည်းဖြစ်လည်း စာတမ်းတင်မည်မဟုတ်

UNFC အဖွဲ့ဝင်များ ၂၁ ရာစုပင်လုံ မတက်ဖြစ်ပါက အခြားနည်းဖြစ်လည်း စာတမ်းတင်မည်မဟုတ်
by -
ကန္တရဝတီ
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ(UNFC) အနေနှင့် လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးတွင် တက်နိုင်မတက်နိုင်ကို စောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်ဟု UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

တစ်နိုင်ငံလုံး အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ် မရေးထိုးရသေးပါက အထူးဖိတ်ကြားသူအနေ နှင့်လည်း တက်ရောက်မည်မဟုတ်ကြောင်းနှင့် တစ်ခြားနည်းလမ်းနည်းဖြင့်လည်း စာတမ်းတင်မည်မဟုုတ်ကြောင်း ပြောပါသည်။

“ တစ်ကယ်လို့ ကျနော်တို့လက်မှတ်မထိုးသေးဘူးဆိုရင်တော့ လေ့လာသူအနေနဲ့ဖြစ်ဖြစ် မတက်ဘူးလို့ဆုံးဖြတ်တယ်။ ဆိုတော့ အဲ့လိုဆုံးဖြတ်ထားပြီးမှလည်း စာတမ်းတွေဘာတွေတင်ဖို့လည်း အကြောင်းမရှိဘူး။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ကြားထဲမှာ တစ်ချို့သောအဖွဲ့တွေကတော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ပြီးတော့ လူထုဆန္ဒသဘောထားတွေ ရယူစုစည်းမှုတွေ စာတမ်းတင်ကြတာလေး ကျနော်တို့မှာက အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ခွင့်မရှိဘူး၊ လုပ်လည်းမလုပ်ဘူးပေါ့။ ဆိုတော့ လုပ်ခွင့်ရလို့လုပ်ရင်တောင်မှ ကျနော်တို့ရလာတဲ့ရလဒ်ကို သူတို့ကမယူဘူးလို့ပြောထားတယ်လေး။ မလုပ်နဲ့လို့တော့ကျနော်တို့ကိုတော့ မတားထားဘူး။ ဆိုတော့ ကျနော်တို့ဘက်ကလည်း လေ့လာသူအနေနဲ့တောင် မတက်ဘူးဆိုရင်တော့ စာတမ်းတင်ဖို့ အစီအစဉ်လည်း မရှိပါဘူး ” ဟု သူကပြောပါသည်။

မတ်လပထမအပတ်တွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့တွေ့ဆုံဆွေးနွေးကြပြီး မူအားဖြင့်သဘောတူထားကြသော အဆိုပြုချက် ကိုးချက်တွင် DPN အနေနှင့် UNFC အဖွဲ့ဝင်များကို ပြန်လည်တင်ပြဆွေးနွေးထားပြီးဖြစ်သော်လည်း တစ်ဖွဲ့ချင်းစီ၏ မိမိဆိုင်ရာအစုအဖွဲ့များကို ပြန်လည်တင်ပြချင်ကြသောကြောင့် UNFC အဖွဲ့ဝင်တိုင်း လက်မှတ်ထိုးရန်အဖြေမကျသေးကြောင်းသိရသည်။

မူအားဖြင့်သဘောတူထားကြသော အဆိုပြုချက်များကို ဤကာလမတိုင်ခင် အဆုံးသတ်နိုင်လျှင် မြန်မြန်ဆန်ဆန်လက်မှတ်ရေး ထိုးဖို့လည်းဖြစ်နိုင်သည်ဟု ခူးဦးရယ်က ပြောပါသည်။

“ မူအားဖြင့်သဘောတူထားတဲ့အချက်တွေကို ကို်ယ့်ဒေသအတွင်းမှာရှိတဲ့ခေါင်းဆောင်တွေ၊ နိုင်ငံရေးအစုအဖွဲ့တွေဖြစ်ကောင်းဖြစ်မယ်။ လူထုနဲ့ဖြစ်ကောင်းဖြစ်မယ်ပေါ့နော။ ပြန်ညှိနှိုင်းဆောင်ရွက်မယ်လို့ တစ်ချို့က အဲ့လိုမေတ္တာရပ်ခံတဲ့အတွက် ယနေ့ထိ ကျနော်တို့ ဆုံးဖြတ်ချက်မချနိုင်သေးပါဘူး ” ဟု ပြောသည်။

မတ်လ(၃၀)ရက်နေ့ညတွင် နိုင်ငံတော်၏အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ(UNFC)အဖွဲ့ဝင် ငါးဖွဲ့ဖြစ်သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရခိုင်အမျိုးသားကောင်စီ(ANC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) နှင့် ဝ,အမျိုးသားအဖွဲ့ချုပ်(WNO) အဖွဲ့တို့ NCA တွင် လက်မှတ်ရေးထိုးတော့မည်ဟု သတင်းထုတ်ပြန်ထားသည်ကို တွေ့ရပါသည်။

သို့သော် ထိုထုတ်ပြန်ချက်အပေါ်တွင် UNFC အဖွဲ့ဝင်တစ်ချို့က NCA လက်မှတ်ထိုးရန် အတိအကျ ဆုံးဖြတ်ထားခြင်းမရှိသေးကြောင်းနှင့် UNFC အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်အားလုံး နှင့် ညှိနှိုင်းတိုင်ပင်ပြီးမှသာ ဆုံးဖြတ်ရမည် ဖြစ်ကြောင်းကို UNFC ဒုတိယဥက္ကဌ နိုင်ဟံသာက မတ်လ ၃၀ ရက် RFA သတင်းဌာနတွင် ဖြေကြားသွားပါသည်။

NCA လက်မှတ်ရေးထိုးမည့်သတင်းထုတ်ပြန်ချက်ကို မတ်လ ၃၀ ရက်နေ့ည အစိုးရတာဝန်ယူမှုတစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမှုအပြီးတွင် သတင်းထပ်မံ ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို မေလ ပထမပတ်တွင် ကျင်းပရန် လျာထားကြောင်း သိရပါသည်။

ဧပြီလ ၃ရက်နေ့ တွင် UNFC အဖွဲ့ဝင်၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များက ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် အရေးပေါ်အစည်းအဝေး တရပ် ကျင်းပပြုလုပ်ကြသည်ဟုသိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...