စအိုင်ဆူး — နယ်မြေလုံခြုံရေး ရယူနေသည့် ကရင်အမျိုးသားလွတ်မြောက်တပ်မတော်-KNLA တပ်ဖွဲ့ဝင်များနှင့် တပ်မတော်စစ် ကြောင်းတို့အကြား ယမန်နေ့ (ဒီဇင်ဘာလ ၁ရက်) က မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း KNLA ဘက်က အတည်ပြုပြောဆိုသည်။
ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်း ဝါသိုးလော နှင့် ထီးကေလော ကျေးရွာအကြားတွင် KNU တပ်မဟာ (၅)လက်အောက်ခံ KNLA တပ်ရင် (၁၀၂)လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရှေ့တောင်တိုင်း စစ်ဌာန ချုပ်(ရတခ)လက်အောက်ခံ ခြေမြန်တပ်ရင်း(ခမရ-၃၃၉)တပ်ဖွဲ့ဝင်တို့အကြား ၄ မိနစ်ကျော်ကြာပစ်ခတ် မှုဖြစ် ပွားခဲ့ခြင်းဖြစ်သည်ဟု တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ်ဒို့က ကေအိုင်စီသို့ ပြောသည်။
၎င်းက “မနက် ၇ နာရီ ၁၀ မိနစ်လောက်မှာ ဝါသိုးလောနဲ့ ထီးကေလော လောက်မှာ ထိပ်တိုက်တွေ့ရင် ပစ်ကြတာပဲ။ ဖြစ်ရတဲ့ အကြောင်းအရင်းက သူတို့ (စစ်တပ်)က သွားလာ လှုပ်ရှားမှုတွေ တအားလုပ်လာတယ်။ အထူးသဖြင့် ညဘက် သွားလာတာပဲ။ ကျနော်တို့လူတွေဘက်က သူတို့သွားလာမယ်ဆိုရင် အသိပေးဖို့ ညပိုင်းတွေမှာ လိုက်မသွားဖို့ ပြော ပေမယ့် သူတို့ ဘာမှအကြောင်းမကြားပဲလာတော့ အခုလို ပစ်ခတ်ကြတာပဲ”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းမိနစ်အနည်းငယ်ကြာ ပစ်ခတ်မှုကြောင့် တပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊မရှိ မသိရသေးဘဲ KNLA တပ်ဖွဲ့ဝင် ဘက်မှ ထိခိုက်မှုမရှိကြောင်း KNLA ဘက်က ပြောသည်။
သို့သော် ဒေသခံ သတင်းအရင်းအမြစ်များ၏အဆိုအရ တပ်မတော်ဘက်မှ ၄ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ပြောဆိုသော် လည်း ကေအိုင်စီမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။ ယခုဖြစ်စဉ်အပေါ် ကေအိုင်စီ အနေဖြင့် သက်ဆိုင်ရာ တပ်မတော် ဘက်ကို ဆက်သွယ်မေးမြန်း၍ မရခဲ့သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဝက်ဘ်ဆိုဒ် စာမျက်နှာပေါ်တွင်လည်း ထုတ်ပြန်ထားခြင်းမရှိသေးပေ။
KNU နှင့် အစိုးရတို့ အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ကို လက်မှတ် ရေးထိုး ထားသည့် (၅)နှစ်ကျော်ကာလအတွင်း တပ်မတော်နှင့် KNLA တပ်ဖွဲ့ဝင်များအကြား မကြာခဏ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နယ်မြေကျော်လွန်လှုပ်ရှားမှု အကြောင်ပြချက်ဖြင့် KNU တပ်မဟာ (၅) နယ်မြေတွင် ထိတွေ့မှုအများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလားတူ နှစ်ဖက်အပြန်အလှန် ယုံကြည်မှုပျက်စေသည့် စစ်ရေးလှုပ်ရှားမှုများနှင့် ကျေးရွာ ဒေသများအတွင်း မလို လားအပ်ဘဲ တပ်စခန်းအသစ်နှင့် တပ်စခန်း အခိုင်အမာ တည်ဆောက်မှုနှင့် စစ်အင်အား တိုးချဲ့ လာမှုများ ကို ယခုနှစ်ကုန်အတွင်း အပြီးအပိုင် ရုပ်သိမ်းပေးရန် KNLA ဗဟို ဌာနချုပ်မှ ယမန်နေ့ ရက်စွဲဖြင့် အစိုးရသစ် အပေါ် တိုက်တွန်းထားသည့် သဘောထား ကြေညာချက် တစ်စောင်ထုတ်ပြန်ထားသေးသည်။
အဆိုပါ သဘောထားကြေညာချက်အရ NCA အပစ်ရပ် သဘောတူညီချက်ပါ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ယနေ့ အချိန်ထိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ပြောဆိုထားသလို အရေးကြီးသည့် နယ်မြေပိုင်းခြား သတ်မှတ်မှုကိစ္စရပ်များကို ယနေ့အချိန်ထိ မဆွေးနွေးနိုင်သည့်အပေါ် ယခုလို မကြာ ခဏ ပစ်ခတ်မှု ဖြစ်ပွားရခြင်းဖြစ် ကြောင်းလည်း နိုင်ငံရေးလေ့လာသူများက ပြောဆိုသုံးသပ်ထားသည်။







