စအိုင်ဆူး — ကမ္ဘာတဝှမ်းသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမြှင့်တင်ရာတွင် ထူးချွန်သူများကို ပေးအပ်ချီးမြှင့်သည့် Goldman သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆုကို အရှေ့တောင် အာရှတွင် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် (KESAN)၏ ဒါရိုက်တာ စောပေါလ်စိန်ထွားကို ပေးအပ်ခဲ့သည်။
Goldman ဆုအတွက် ကမ္ဘာတစ်ဝှမ်းမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမြှင့်တင်သူများထဲမှ ထူးချွန်းသူ ၆ ဦးကို ယမန်နေ့ နိုဝင်ဘာလ (၃၀) ရက်နေ့က အွန်လိုင်းဖြင့် ဆုပေးအပ်ခဲ့ရာတွင် စောပေါလ်စိန်ထွားလည်း ပါဝင်ဆုရရှိ ခဲ့ခြင်းဖြစ်သည်။
စောပေါလ်စိန်ထွားသည် ကရင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် မြှင့်တင်ရေး အ တွက် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက်(KESAN)ကို ပူးပေါင်းထူထောင်ခဲ့ သူလည်း ဖြစ်ပြီး ဒေသခံ ကရင်ဌာနတိုင်းရင်းသားများပူးပေါင်း၍ ဖာပွန်ဒေသ၌ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ကို တည်ထောင်ခဲ့ရာတွင် အဓိက ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။
ဒေသခံဌာနေ ကရင်တိုင်းရင်းသားများနှင့် ပူးပေါင်း၍ ဧက (၁.၃) သန်းရှိသည့် သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ကို ၂၀၁၈ ခုနှစ်တွင် သတ်မှတ်အတည်ပြုနိုင်ခဲ့ရာတွင် KESAN သည့် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ သည်။

ဆုရရှိသူ စောပေါလ်စိန်ထွား (ဓါတ်ပုံ - KESAN)
ယမန်နေ့ပြုလုပ်သည့် အွန်လိုင်းဆုပေးပွဲ၌ စောပေါလ်စိန်ထွားက “ကျနော်တို့က ကျနော်တို့ရဲ့ အသက်မွေး ဝမ်း ကျောင်းနဲ့ ကောင်းမွန်တဲ့ ဘဝနေထိုင်မှုအတွက် သဘာဝတရားအပေါ်မှာ လုံးဝမှီခိုနေရတဲ့ ဌာနေတိုင်းရင်း သားတွေဖြစ်တယ်။ ကျနော်တို့ သဘာဝတရားကို စားသုံးတယ်၊ သဘာဝတရားနဲ့ ရှင်သန်တယ်။ သဘာဝ တ ရားကို ကာကွယ်တယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ဆီမှာ ထိုင်း-မြန်မာနှစ်ဖက်စလုံးက ဆယ်စုနှစ်များစွာ ဒီ သဘာဝတရားအပေါ် အမြတ်ထုတ်နေကြသည့်တိုင်အောင် ကျနော်တို့မှာ ကြွယ်ဝချမ်းသာတဲ့ ဇီဝမျိုးကွဲတွေ နဲ့ ပြည့်နေသေးလို့ပဲ။” ဟု ထည့်သွင်းပြောဆိုခဲ့သည်။
အလားတူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဇီဝမျိုးကွဲများရေရှည်တည်တံ့ရေးအတွက် ကမ္ဘာ့ကုလသ မဂ္ဂဖွံ့ဖြိုးတိုး တက်ရေးအစီအစဉ် (UNDP) က ပေးအပ်သည့် ၂၀၂၀ ခုနှစ်၏ အီကွေတာဆုကို သံလွင်ငြိမ်းချမ်း ရေး ဥယျာဉ်မှ ရရှိခဲ့သေးသည်။
ယခုနှစ်အတွက် Goldman သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆုကို မြောက်အမေရိကတိုက်အတွက် မက္ကဆီကို နိုင်ငံသူ (Leydy Pech)၊ ကျွန်းစုနိုင်ငံတွေအတွက် ဘဟားမားစ်နိုင်ငံသူ (Kristal Ambrose)၊ ဥရောပတိုက်အ တွက် ပြင်သစ်နိုင်ငံသူ(Lucie Pinson)၊ အာဖရိကတိုက်အတွက် ဂါနာနိုင်ငံသား (Chibeze Ezekiel)၊ တောင် နှင့်အလယ် အမေရိကဒေသအတွက် အီကွေဒေါနိုင်ငံသူ (Nemonte Nenquimo)တို့လည်းအသီးသီးရရှိခဲ့ သည်။







