ရမ်းဗြဲမြို့နှင့် စနဲမြို့သို့ ဒေသခံ ၅ဝဝ ကျော်ထွက်ပြေးခိုလှုံ

ရမ်းဗြဲမြို့နှင့် စနဲမြို့သို့ ဒေသခံ ၅ဝဝ ကျော်ထွက်ပြေးခိုလှုံ

ဆောင်းဇာခြည် — ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ပေါ်နှင့် ကျောက်ဖြူမြို့နယ်စနဲမြို့ပေါ်သို့ ဒေသခံ ပြည်သူ ၅ဝဝ ကျော် ထွက်ပြေး ခိုလှုံလာကြသည်ဟု သတင်းရရှိသည်။

၎င်းတို့မှာ ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာအုပ်စု၊ ကုလားပုန်း၊ မြို့ချွိန်၊ မော်ရုံ၊ ငညိုကိုင်း စသည့် ကျေးရွာများမှဖြစ်ကြသည်ဟု ရမ်းဗြဲမြို့မှ လူမှုရေးဆောင်ရွက်နေသူ လူငယ်တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

" အဓိကတော့ စစ်သားတွေက ရွာထဲကို ဝင်လာပြီး ဖမ်းဆီးတယ်၊ မေးမြန်းတယ်၊ စစ်ဆေးတယ်။ ဒီလိုလုပ်တဲ့ အပေါ်မှာ ရွာတွေမှာ မနေရဲကြတော့ဘဲ ရမ်းဗြဲမြို့ပေါ်မှာလာပြီး ခိုလှုံနေကြတာပါ။ အခု လောလောဆယ် ကတော့ သူတို့ ဘုန်းကြီးကျောင်းတွေမှာ နေကြရပါတယ်။ စားရေးသောက်ရေးကတော့ ရမ်းဗြဲမြို့ အရပ်ဖက် အဖွဲ့အစည်းတွေက ကူညီတောင်းခံပြီး စားသောက်ဖို့အတွက် ကူညီပေးနေကြပါတယ်။"

လက်ရှိတွင် ရမ်းဗြဲမြို့ပေါ်သို့ ရောက်ရှိနေသူမှာ လူပေါင်း ၄ဝဝ ခန့်ရှိပြီး ၎င်းတို့ကို ရမ်းဗြဲတောင်ကျောင်း ဘကဘုန်းတော်ကြီးကျောင်း၊ လေကြီးပြင်ကျောင်းသစ်နှင့် တန်းနားပြင်ဘုန်းကြီးကျောင်းတို့တွင် ထားရှိသည်ဟု ၎င်းက ပြောကြားသည်။

ကျောက်ဖြူမြို့နယ်၊ စနဲမြို့သို့ ရောက်ရှိနေသည့် အရပ်သားပြည်သူမှာ ၁၆ဝ ခန့်ရှိပြီး ၎င်းတို့ကို စနဲမြို့ တောင်ငူစုဘုန်းကြီးကျောင်းနှင့် ကံပြင်စုဘုန်းကြီးကျောင်း တို့တွင် နေရာချပေးထားသည်ဟု သိရသည်။

စနဲမြို့အုပ်ချုပ်ရေးမှူး ဦးကိုကိုနေလင်းကြိုင်က "ရမ်းဗြဲမြို့နယ်ဘက်က ထွက်ပြေးလာကြတာပါ။ တချို့ကတော့ သူတို့ အမျိုးအိမ်တွေမှာ နေကြတာပါ။ ဘုန်းကြီးကျောင်း နှစ်ကျောင်းမှာ ခွဲပြီးထားထားတာပေါ့။ လောလောဆယ်ကတော့ ဒီက မြို့မိမြို့ဖတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေကတော့ အဆင်ပြေအောင်တော့ စီစဉ်လျှက်ရှိကြပါတယ်" နိရဥ္စရာသို့ ပြောသည်။

နိုဝင်ဘာ ၂ ရက်နေ့က ကုလားပုန်းအုပ်စုထဲသို့ တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်လာပြီးနောက် AA နှင့် ဆက်စပ်သံသယဖြင့် မြို့ချွိန်ကျေးရွာမှ ကိုအောင်ဌေးဝင်း (၁၉) နှစ် ကိုညီစစ်(ခ) ညီထွေး (၁၈) နှစ်တို့ ခေါ်ဆောင် သွားခဲ့ပြီး နိုဝင်ဘာ ၃ ရက်နေ့တွင် နောက်ထပ် တစ်ကြိမ် ရွာထဲသို့ ဝင်ရောက်လာကာ ကိုထွန်းမင်းစိုး (၂၄) နှစ်နှင့် ကိုစွန်းရဲထက် (၁၅) နှစ်နှင့် ကိုစိုးမောင်ချေ (၂၅) နှစ် တို့ကို ခေါ်ဆောင်သွားသည်ဟု ဆရာတော် ဦးဉာဏသာရက မိန့်ကြားသည်။

၎င်းတပ်မတော်စစ်ကြေားသည် ကျေးရွာသားအချို့ကို ဖမ်းဆီးခြင်း၊ နေအိမ်အချို့တို့မှ ဝင်ရောက်ရှာဖွေခြင်းများ ပြုလုပ်သောကြောင့် ကြောက်လန့်၍ ထွက်ပြေးလာခြင်း ဖြစ်ကြောင်း  ရမ်းဗြဲမြို့ တောင်ကျောင်း ဘက ဘုန်းကြီးကျောင်းသို့ ထွက်ပြေးရောက်ရှိနေသည့် ရွာသားတစ်ဦးက ပြောသည်။

"သူတို့က လူတွေကို ဖမ်းတယ်၊ ဆီးတယ်၊ ရိုက်တယ်။ ရွာကအိမ်တွေကို ခွင့်ပြုချက်ရှိဘဲ မွှေနှောက်တယ်။ အဲဒါကြောင့် ကျွန်တော်တို့လည်း မခံရဲလို့ ရမ်းဗြဲမြို့ပေါ်ကို ထွက်ပြေးလာကြတာပါ။ ဒီက လူတွေကတော့ ကျွန်တော်တို့ စားသောက်ဖို့အတွက် စီစဉ်ပေးထားပါတယ်။ ရွာမှာကျန်ခဲ့တဲ့လူတွေက ကျန်ခဲ့ကြပါတယ်။ ထွက်ပြေးတဲ့သူတွေက ထွက်ပြေးကြတာပေါ့" ဟု နိရဥ္စရာသို့ ပြောသည်။

Most read this week

ဓာတ်ပုံ- Rakhine Thahaya Yangon Page
April 11, 2024
ရန်ကုန်မှ နေရပ်မပြန်နိုင်ကြသော ရခိုင် တက္ကသိုလ်ကျောင်းသားများအား ရခိုင်သဟာယအသင်းက...
April 9, 2024
စွမ်းအင်ကုမ္ပဏီ Chevron သည်မြန်မာနိုင်ငံရှိ ရတနာ သဘာဝဓာတ်ငွေ့တွင်းမှ ထွက်ခွာသွား...