ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒါဂျီလင်သို့အလည်ပတ်လာရန် အိန္ဒိယဖိတ်ခေါ်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒါဂျီလင်သို့အလည်ပတ်လာရန် အိန္ဒိယဖိတ်ခေါ်

အိန္ဒိယက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နောက်ထပ် အိန္ဒိယခရီးစဉ်လျှင် အနောက်ဘင်္ဂေါရှိ ဒါဂျီလင်သို့လည်း အလည်အပတ် လာရောက်ရန် ဖိတ်ခေါ်ထားသည်။  

အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်ဟာ့ရှ် ရှရင်ဂလာက အိန္ဒိယ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အမ် အမ် နရာဗန်နီနှင့်အတူ အောက်တိုဘာလ ပထမပတ်က မြန်မာနိုင်ငံသို့ ခရီးစဉ်အတွင်း နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံ စကားပြောစဉ် ယင်းသို့ သီးခြား ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်ဟု ဟင်ဒူစတန်တိုင်းမ် သတင်းက ဖော်ပြသည်။  

ဤဖိတ်ခေါ်မှုသည် နိုင်ငံခြားရေးအတွင်းဝန် ဟာ့ရှ်ရှရင်ဂလာက ဒါဂျီလင်ရှိမီရစ်ခ်တောင်ကြားမှထွက်သော နာမည်ကျော် ဆီးယွတ်ခ်တံဆိပ် လက်ဖက်ခြောက်ထုတ်ကို ဗိုလ်ချုပ်မှူးကြီးထံလက်ဆောင်ပေးရာမှ စတင်ခဲ့သည်။ မစ္စတာရှရင်ဂလာက သူ့ဇာတိမှာ ဒါဂျီလင်ဖြစ်သည်ဟု ပြောသောအခါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒါဂျီလင် လက်ဖက်ခြောက်ကို သူနှစ်သက်ကြောင်း၊ ကန်ချင်ဂျွန်ဂါ တောင်ပေါ်ရှိ နှင်းများဖုံးနေသော ဒါဂျီလင်ကိုရောက်ဖူးလိုကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယမှ ဧည့်သည်များက ဗိုလ်ချုပ်မှူးကြီး၏ နောက်ထပ် အိန္ဒိယခရီးစဉ်ရှိလျှင် ဒါဂျီလင်သို့ သွားရောက်လည်ပတ်ရန် ထည့်သွင်းပေးမည်ဟု ချက်ချင်းတုံ့ပြန်ခဲ့ကြသည်။

အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့က တမီလ်နာဒူး ပန်းပုပညာရှင်များ ထုလုပ်သည့် ဝိတက္ကမုဒြာ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကိုလည်း ဗိုလ်ချုပ်မှူးကြီးကို လက်ဆောင်ပေးခဲ့သည်။ ဝိတက္ကမုဒြာဆိုသည်မှာ ပရိသတ်၏ အိန္ဒြေအနုအရင့်ကိုချင့်ချိန်၍လျော်ညီသည့် စရိုက်အနေအထားတိုင်း ဟောပြောဟန် လက်ညှိုးနှင့် လက်မအဝိုင်းပြုပုံထုလုပ်ထားသည့် ဆင်းတုတော်ကို ဆိုလိုသည်။

အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒါဂျီလင်ထွက် ဆုတံဆိပ်ရ နာမည်ကျော် လက်ဖက်ခြောက်ထုတ်ကို လက်ဆောင်ပေးခဲ့သည်။ အန္ဒိယတွင်နှစ်ပေါင်းများစွာနေဖူးသော ဒေါ်အောင်ဆန်းစုကြသည် ဒါဂျီလင်နှင့် မစိမ်းပေ။  

လက်ဖက်ခြောက်နှင့် ဆက်စပ်သော စကားစမြည်ပြောဆိုမှုတွင် ဒေါ်အောင်ဆန်းစုကြည်က ထုတ်လုပ်မှု နှစ်သက်တမ်း ၉၀ ရှိ လော့ပ်ချူးတံဆိပ်ကို ပိုနှစ်သက်သည်ဟု ပြောဆိုခဲ့သည်။ လော့ပ်ချူး လက်ဖက်ခြောက်သည် ဒါဂျီလင်နှင့် တီးစတာကြား ဒေသမှ ထွက်ရှိပြီး အမြင့်ပေ ၄၈၀၀ တွင် စိုက်ပျိုးကြသည်။ လော့ပ်ချူး လက်ဖက်ခြောက်ကို အန္ဒိယ ဝန်ကြီးချုပ် နရိန္ဒြာ မိုဒီလည်း ကြိုက်နှစ်သက်သည်။  

မြန်မာနိုင်ငံခရီးစဉ်အတွင်း အန္ဒိယကိုယ်စားလှယ်အဖွဲ့သည် ကိုဗစ်ရောဂါ အရေးပေါ်ကုသရေးတွင် သုံးနိုင်သည့် ရမ်ဒီဆီဗာ ဆေး ၃၀၀၀ ကိုလည်း ပေးအပ်ခဲ့သည်။ ဤခရီးစဉ်သည် မစ္စတာဟာ့ရှ် ရှရင်ဂလာ ယခုနှစ် ဇန်နဝါရီလက နိုင်ငံခြားရေးအတွင်းဝန် ဖြစ်ပြီးနောက် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ခရီးစဉ်ဖြစ်သည်။

ခရီးစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဘက်က ထုတ်ပြန်ချက်တွင် အိန္ဒိယ ကြိုးပမ်းနေသည့် COVID-19 ရောဂါဆေး ပူးပေါင်း ထုတ်လုပ်နိုင်မည့်အလားအလာ၊ ၂၀၂၁ တွင် စစ်တွေဆိပ်ကမ်း စီမံကိန်း စတင်နိုင်ရေး၊ ရခိုင်ပြည်နယ်တွင် သက်မွေးဝမ်းကြောင်း ပညာသင်ကျောင်း ဖွင့်လှစ်ရေး၊ နှစ်နိုင်ငံလွှတ်တော်အမတ်များနှင့် လူငယ်များအပြန်အလှန်စေလွှတ်ရေးတို့ပါဝင်သည်။ 

ဓာတ်ပုံ - CJ
August 11, 2026
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကွမ်းတိုင်းကျေးရွာကို စစ်တပ်က ယနေ့ (ဩဂုတ်လ ၁၁ ရက်)...
August 11, 2026
အာဇာနည်ခေါင်းဆောင် ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့ကို မြှုပ်နှံထားသည့် သမိုင်းဝင် တာမွေ အစ္စလာမ်...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တမူးမြို့သို့ ကားလိုင်းများ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်သော်လည်း...
ဓါတ်ပုံ - (CJ) (စစ်ကိုင်းတိုင်းအတွင်း ရေကြီးရေလျှံမှုအခြေအနေများနှင့် တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကူအညီပေးမှု မှတ်တမ်းပုံ။
August 10, 2026
စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ စုစုပေါင်း ကိုးဦးအထိ...