မြန်မာ ရွှေ့ပြောင်းလုပ်သားများ စီစဉ်သည့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ ထိုင်းအာဏာပိုင်များ တားမြစ်

မြန်မာ ရွှေ့ပြောင်းလုပ်သားများ စီစဉ်သည့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ ထိုင်းအာဏာပိုင်များ တားမြစ်
၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိ လေဆိပ်သို့ ရောက်ရှိလာသော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - EPA)
၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိ လေဆိပ်သို့ ရောက်ရှိလာသော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - EPA)

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ပြုလုပ်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို စုဝေးထောက်ခံမည့်ပွဲအား မပြုလုပ်ရန် ထိုင်းအာဏာပိုင်များက အောက်တိုဘာ ၆ ရက်နေ့က တားမြစ်ထားကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။ 

ထို စုဝေးထောက်ခံပွဲတွင် မြန်မာရွှေ့ပြောင်းလုပ်သားများက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပုံပါ အနီရောင် တီရှပ်များ ဝတ်ဆင်ရန် စီစဉ်ထားကြောင်း သိရသည်။ ပြည်ပြေးဖြစ်နေသော ဝန်ကြီး ချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နှင့် ၎င်း၏ နိုင်ငံရေးပါတီကို ထောက်ခံသူများက ထိုင်းနိုင်ငံတွင် နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်ပါက အနီရောင်အင်္ကျီကို ဝတ်ဆင်လေ့ရှိကြပြီး “ရှပ်နီများ” ဟု မီဒီယာများက ဖော်ပြလေ့ ရှိသည်။ ရှပ်နီကို ဆန့်ကျင်သူများက အဝါရောင် အင်္ကျီကို ဝတ်ဆင်လေ့ရှိပြီး “ရှပ်ဝါများ” ဟု ဖော်ပြကြသည်။  

NLD ပါတီ၏ အရောင်မှာ အနီရောင်ဖြစ်နေသဖြင့် ထိုင်းနိုင်ငံတွင် အင်္ကျီအနီရောင်ဝတ်ပြီး စုဝေးကာ နိုင်ငံရေးထောက်ခံပွဲလုပ်လျှင် အခက်အခဲရှိနိုင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမား ကူညီစောင့်ရှောက်ရေး (AAC) မဟာမိတ်အဖွဲ့မှ ဒါရိုက်တာ ဦးခိုင်ကြီးက မဇ္ဈိမကို ပြောသည်။    

“အဓိက သူတို့ (ထုတ်ပြန်ချက်မှာ) ရေးပေးတာက အင်္ကျီက ထိုင်းမှာက အနီ (ရောင်) ပဲ ပြဿနာတက်နေတာ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့သူတွေက အင်္ကျီအနီဝတ်တဲ့အခါ သူတို့လူမျိုးတွေနဲ့မှားပြီး ပြဿနာတက်မှာ ကြောက်လို့ ပြောတာတွေလည်း ရှိတယ်။ ဒါပေမယ့် NLD ပါတီကို ရည်ရွယ်ပြီးပြောတာ မဟုတ်ဘူး။ အင်္ကျီအနီဝတ်ပြီးတော့ လူစုလူဝေး မလုပ်ပါနဲ့လို့ ပုံစံမျိုးပြောတာ။ သူတို့မှာ ထိုင်းမှာက အင်္ကျီအနီက ပါတီတစ်ခုဖြစ် နေတော့ အင်္ကျီအနီနဲ့ ဆန္ဒပြတာတွေ လူစုလူဝေးမလုပ်နဲ့လို့ တားတယ်” ဟု ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။  

၎င်းက ဆက်လက်၍ “ဒါပေမယ့် ကျွန်တော်တို့ကလည်း အဲ့ဒါကြီးကို ကျွန်တော်တို့ကို တားတာပဲလို့ ပြောလို့မရသလို ဒါပေမယ့် အင်္ကျီအနီဝတ်တာကိုတော့ တားမြစ်ထားတာဗျ။ ကျွန်တော်တို့ ထိုင်းရောက် အလုပ်သမား တွေကို” ဟု ပြောသည်။  

မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ ခန့်က ကရာဘီပြည်နယ် မူအန်ခရိုင်ရှိ နေရာသုံးခုတွင် စုဝေးရန် စီစဉ်ထားကြခြင်းဖြစ်ပြီးမူအန် စည်ပင်သာယာရုံးရှေ့၊ အိုနန် ကမ်းခြေနှင့် ချောင်ဆမ်ကဲအို  ဘုန်းကြီးကျောင်းတို့ ဖြစ်ကြောင်း သိရသည်။  

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကရာဘီပြည်နယ် အကြီးအကဲ ချိုင်ဝတ် ဘူအာထုံက COVID-19 ရောဂါ ကူးစက်မှုကို ပြန့်ပွားမည်ကို စိုးရိမ်သောကြောင့် ဒေသအာဏာပိုင်များက ခွင့်ပြုချက် မပေးခဲ့ခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာသို့ အောက်တိုဘာလ ၇ ရက်နေ့တွင် ပြောထားသည်။  

ထိုင်းနိုင်ငံ တောင်ပိုင်း အခြေအနေနှင့် ပတ်သက်၍ ဒါရိုက်တာ ဦးခိုင်ကြီးက “တောင်ပိုင်းဆိုတာက နည်းနည်းဆိုးတယ်။ ဆိုးတယ်ဆိုတာက အစွန်းရောက်ပုဂ္ဂိုလ်တွေများတဲ့ ဒေသဖြစ်တဲ့အတွက် အဲ့ဒီနေရာတွေမှာဆိုရင် စူပါမားကတ်တွေတောင်မှ အချိန်နဲ့ဖွင့်ရတာ။ lockdown (အသွားအလာ ကန့်သတ် ပိတ်ဆို့မှု) ချထားတဲ့နေရာလည်း ဖြစ်တယ်။ လူစုလူဝေး မသွားရတဲ့ဟာက အစိုးရက အခုထိ အဲဒီမှာ မရုတ်သိမ်းသေးဘူး။ ဥပဒေကို ပြန်မရုတ်သိမ်းသေးတဲ့အတွက် ထိုင်းနိုင်ငံ တောင်ပိုင်းဘက်မှာ ပိုပြီးတော့ ဒီဟာကို တင်းကျပ်တာပေါ့။ နည်းနည်း ဥပဒေမဲ့လုပ်ရပ်တွေ ရှိတယ်ဗျာ။ အရောင်တွေကို ကန့်သတ်ပြီး ပြောတာပေါ့။ အလုပ်သမားတွေကိုလည်း ဒီလိုပဲ ပြောတယ်။ အဓိကက တော်တော် သတိထားရမယ့် ဒေသပေါ့” ဟု ပြောသည်။  

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ်က ထိုင်းနိုင်ငံခရီးစဉ်အဖြစ် ဇွန်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ သုံးရက်ကြာ သွားရောက်ခဲ့စဉ် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ စုဝေးကြိုဆိုခဲ့ကြသည်။

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...