မြန်မာပြည်မြောက်ပိုင်းတွင် ပြန်ပေးဆွဲမှု၊ ပြည့်တန်ဆာ လုပ်ခိုင်းမှုများနှင့် ကြုံရနိုင်ကြောင်း တရုတ်သတိပေး

မြန်မာပြည်မြောက်ပိုင်းတွင် ပြန်ပေးဆွဲမှု၊ ပြည့်တန်ဆာ လုပ်ခိုင်းမှုများနှင့် ကြုံရနိုင်ကြောင်း တရုတ်သတိပေး

မြန်မာနိုင်ငံမြောက်ပိုင်းတွင် အလုပ်ရှာဖွေရန်သွားသူများသည် အန္တရာယ်များပြီး ပြန်ပေးဆွဲမှု၊ အဓမ္မပြည့်တန်ဆာ လုပ်ခိုင်းမှုများနှင့် အဆုံးသတ်ရနိုင်ကြောင်း ရဲအစီရင်ခံစာကို ကိုးကား၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ၎င်းတို့ နိုင်ငံသားများကို သတိပေးထားသည်။

တရားဝင် ကုမ္ပဏီများတွင် အလုပ်လုပ်ရမည်ဟု လှည့်ဖျားထားသော အလုပ်ခေါ်စာများကို တရုတ်နိုင်ငံသားများ ကြုံနေရကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အောက်တိုဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်သည်ဟု South China Morning Post သတင်းစာက ဖော်ပြသည်။

တကယ်တမ်း အလုပ်လုပ်ရန် ရောက်ရှိသွားသောအခါ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းကဲ့သို့သော တရားမဝင်၊ ရာဇဝတ်မှုမြောက်သည့် အလုပ်များကို အဓမ္မစေခိုင်းခံရနိုင်ကြောင်း၊ ခိုင်းသည့်အတိုင်း မလုပ်လျှင် ပြင်းထန်စွာ အပြစ်ပေးခံရကြောင်းလည်း ဆိုသည်။

ထို့ကြောင့် တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံမြောက်ပိုင်းတွင် အလုပ်သွားလုပ်လိုလျှင် ပုံမှန် တရားဝင် အလုပ်ရှာဖွေရေး အေဂျင်စီမှတစ်ဆင့် သွားကြရန်နှင့် အလုပ်ခေါ်စာ ကြော်ငြာများကို မယုံကြည်ကြရန် တရုတ်ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာနက အကြံပြုထားသည်။  

မြန်မာပြည် မြောက်ပိုင်း၊ အထူးသဖြင့် ရှမ်းပြည်နယ်၊ ကိုးကန့်ရှိ လောက်ကိုင်ကဲ့သို့သော မြို့များသည် ကာစီနို လောင်းကစားရုံများ၊ အွန်လိုင်းမှ လိမ်လည်သည့် လုပ်ငန်းများ၊ ပြည့်တန်ဆာ လုပ်ငန်းများရှိနေပြီး တရုတ်ဒေသ ခံများနှင့် အလည်အပတ် လာရောက်သူများကို ပစ်မှတ်ထားနေသည်ဟု ဆိုသည်။

ကိုးကန့်တွင် မြန်မာနိုင်ငံသား ခံထားသူ တရုတ်အမြောက်အမြားရှိနေပြီး အများစုက မန်ဒရင်း ဘာသာစကားကို ပြောဆိုကာ တရုတ် မိုဘိုင်းဖုန်း ဝန်ဆောင်မှုကိုလည်း အသုံးပြုကြသည်။ တရုတ်ယွမ်ငွေကိုလည်း အများစုက သုံးစွဲကြသည်။

ရှည်လျားသော တရုတ်-မြန်မာ နယ်စပ်တလျှောက်သည် တရုတ်နိုင်ငံသားများ အလုပ်ရှာရန် သို့မဟုတ် အပန်းဖြေရန်အတွက် တရားမဝင် နယ်စပ်ဖြတ်ကျော်ရန် လွယ်ကူသည်။  

ပြီးခဲ့သည့် ဩဂုတ်လအတွင်းက မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဖုန်းအရောင်းဆိုင်ဖွင့်သည့် တရုတ်နိုင်ငံသားကို သူ၏ လုပ်ဖော်ကိုင်ဖက် ဒေသခံက ပြန်ပေးဆွဲပြီး ယွမ်ငွေ အမြောက်အမြားဖြင့် ပြန်ရွေးခိုင်းခဲ့သည်ဟု တရုတ် မီဒီယာတစ်ခုက သတင်းဖော်ပြခဲ့သည်။  

ယခုနှစ် ဇွန်လကလည်း ပန်ဆန်းမြို့တွင် သတ္တုတွင်း မန်နေဂျာ တရုတ်နိုင်ငံသား ပြန်ပေးဆွဲခံရပြီး ရာဇဝတ်ဂိုဏ်းထံမှ ယွမ်ငွေ ၁၀၀၀၀၀ (အမေရိကန် ဒေါ်လာ ၁၄၈၀၀) ဖြင့် ပြန်ရွေးခဲ့ရသည်ဟု သိရသည်။

တရုတ်သည် မြန်မာ၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး ယမန်နှစ်က ရွှေလီနယ်စပ်မှ ကုန်သွယ်မှုတစ်ခုတည်း၏ ပမာဏကပင် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃ ဘီလီယံရှိခဲ့သည်ဟု မြန်မာအစိုးရ၏ ကိန်းဂဏန်း အချက် အလက်များက ဖော်ပြသည်။

May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...