မှိှုင်းကံဒေသမြေလွတ်အတွင်း ကုမ္ပဏီများ ဝင်ရောက်လုပ်ခွင့်တောင်းသည့်အပေါ် ဒေသခံများ ကန့်ကွက်

မှိှုင်းကံဒေသမြေလွတ်အတွင်း ကုမ္ပဏီများ ဝင်ရောက်လုပ်ခွင့်တောင်းသည့်အပေါ် ဒေသခံများ ကန့်ကွက်
by -
ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် မှိှုင်းကံဒေသအတွင်းမှာရှိသည့် ဒေသအပိုင် မြေလွတ်သစ်တောတွင် ကုမ္ပဏီများမှ နှစ်ရှည်ခံသီးပင်များစိုက်ပျိုးရန် ဝင်ရောက်လျှောက်ထားခွင့်ကို မလိုလားကြောင်း ဒေသခံများပူးပေါင်း၍ မြို့နယ်မြေစာရင်းဦးစီးဌာနမှူးထံသို့ မေလ ၂၇ ရက်နေ့တွင် ကန့်ကွက်စာ တင်လိုက်ကြောင်း သိရသည်။

မှိှုင်းကံကျေးရွာအုပ်စု ပတုပ်အရှေ့ကွင်းအတွင်းရှိသော (မြေလွတ်/မြေရိုင်း)များကို ကုမ္ပဏီအချို့မှ ရာဘာနှင့် အခြားနှစ်ရှည်ခံသီးပင်များ စိုက်ပျိုးရန် ကရင်ပြည်နယ်လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနသို့ လုပ်ပိုင်ခွင့်လျှောက်ထားခြင်းကို ကန့်ကွက်လိုလျှင် ကန့်ကွက်နိုင်ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာမှူးက မှိှုင်းကံကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ စာပို့လာသည့်အတွက် ဒေသခံများအနေဖြင့် ထိုသို့ ကန့်ကွက်စာတင်ခဲ့ခြင်းဖြစ်သည်ဟု မှိှုင်းကံကျေးရွာအုပ်ချုပ်ရေးမှူး စောအကျော်က ပြောသည်။

“ဒီမြေတွေကအမှန်တော့ ဒေသပိုင်မြေတွေမှာ ကျနော်တို့လည်း စိတ်ထင်အရင် DKBA က ဗိုလ်မှူးဘသိန်းဆီမှာ စာချုပ်စာတမ်းတွေနဲ့ဝယ်ပြီးထင်လို့၊ ဒါပေမယ့် အခုရုံးကစာပြန်ရောက်လာတော့ သူတို့ကမြေလွတ်မြေရိုင်းတွေကို လုပ်ဖို့ လျှောက်ထားတုန်း၊ ဘာမှမပိုင်သေးဘူး။ အခုသိလာရတယ်ဆိုတော့ ကျနော်တို့ဒေသခံတွေကလည်း အဲဒီမြေတွေပြန်ယူချင်တယ်။ လုပ်ပိုင်ခွင့်မပေးလို့ ကန့်ကွက်တာဖြစ်တယ်”ဟု စောအကျော်က ကေအိုင်စီသို့ ပြောသည်။

မှိှုင်းကံရွာမှ စောအဒွီးကလည်း “ကျနော်တို့က ဒီသစ်တောတစ်တောကိုပဲ ပြန်မှီခိုရတာ။ ဒီသစ်တောမရှိတော့ရင် ကျနော်တို့ဒီထဲက ထင်းတွေ၊ ဖက်တွေ၊ မှိှုတွေ၊ တို့စရာတွေ ရှာလို့ရမှာမဟုတ်ဘူး။ တကယ်လို့ ကုမ္ပဏီတွေဝင်ရောက်ရင် ကျနော်တို့လည်း လွတ်လပ်သွားလို့ရမှာမဟုတ်ဘူး။ အဲဒါကြောင့်သူတို့ဒီမှာဝင်တာကိုကျနော်တို့ကန့်ကွက်တယ်”ဟုဆိုသည်။

၎င်းဒေသ၌ လတ်တလော လုပ်ပိုင်ခွင့်လျှောက်ထားရာတွင် ဦးငြိမ်းချမ်းမြင့်၊ ဦးကျော်လွမ်းမိုင်း၊ ဒေါ်စုဝင်းသိန်း၊ ဒေါ်ဌေးဌေးရီ၊ ဦးလှမင်းပိုင်၊ ဒေါ်မိုးမိုးဦး၊ လွမ်းမိုးဟိန်းကုမဏီ၊ ဦးကျော်သိန်းနှင့့် ဒေါ်သိမ့်သိမ့်ဦး စသည့် ၉ ဦးတို့က လျှောက်ထားပြီး စုစုပေါင်း (၄၆၉.၈၃)ဧကရှိသည်ဟု မြို့နယ်မြေစာရင်းရုံးမှ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးပို့သည့်စာအရ သိရသည်။

ထိုမှိှုင်းကံဒေသအတွင်း၌ လက်ရှိအချိန်တွင် ကုမ္ပဏီဘက်မှ တရားဝင်လုပ်ပိုင်ခွင့် လျှောက်ထားချိန်သာရှိသော်လည်း တစ်ဖက်တွင် ကျော်လွမ်းမိုးကုမ္ပဏီမှ ယခု၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ရက်နေ့က ကလောပီနံစိုက်ပျိုးရန် လုပ်ငန်းစတင်နေပြီဟုလည်း သိရသည်။

ယင်းကိစ္စအပေါ် ကျော်လွမ်းမိုးကုမ္ပဏီဆိုက်တာဝန်ခံ ကျော်စွာထက်က “ဒီကုမ္ပဏီက ဒီမှာလျှောက်တာ ၅၀၀ဧက လျှောက်တယ်။ ဘာအတွက်လျှောက်လဲဆိုတာကတော့ အခု ကလောပီနံတွေစိုက်တယ်။ ဒီနှစ် မှီသလောက်စိုက်မယ်။ မမှီရင်တော့ နောက်နှစ်တွေ မျိုးပွားပြီးပြန်စိုက်မယ်။ ကျနော်ကတော့ လျှောက်ထားတာကြာပြီ။ လုပ်ငန်းစတာက ၂လပိုင်း ၁၄ရက်နေ့မှာ လုပ်ငန်းစတယ်”ဟုပြောသည်။

လုပ်ကိုင်ခွင့်ရရှိရန် မြို့နယ်မြေစာရင်း ဦးစီးဌာနသို့ လျှောက်ထားသည့် မှိုင်းကံဒေသသစ်တောအတွင်း မှိှုင်းကံ၊ ထီးဖိုးလုံး၊ ပေါ့ ထော်၊ မိဇံ၊ ကော့ကူးစသည့်ကျေးရွာများမှ ဒေသခံများမှာ ရာသီအလိုက်ထွက်သည့် သဘာဝသီးနှံ၊ ဟင်းသီးဟင်းရွက်များနှင့် ထင်းများရရှိရေးအတွက် ထိုသစ်တောကို မှီခိုနေရကြောင်းလည်း ကန့်ကွက်စာတွင် ထည့်သွင်းဖော်ပြထားသည်။

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...