ရွာအတွင်း ဝင်စီးပြီး ရွာသုံးရွာမှ ရွာသားများကို တပ်မတော်ဖမ်းဆီး

ရွာအတွင်း ဝင်စီးပြီး ရွာသုံးရွာမှ ရွာသားများကို တပ်မတော်ဖမ်းဆီး

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းက ကျေးရွာသုံးရွာမှ ဒေသခံ ရွာသား တစ်ထောင်ကျော်အား တပ်မတော်က ဖမ်းဆီးထားသည်ဟု ဒေသခံများက ပြောသည်။

ကျောက်တော်မြို့နယ်အတွင်းက သာစည်ကျေးရွာအုပ်စုထဲက သာစည်၊ ရွှေပြည်သစ်နှင့် ရွှေပြည်ကျေးရွာတို့မှ ရွာသားများအား သြဂုတ်လ ၃၁ ရက်နေ့ ကတည်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သာစည်ကျေးရွာမှာ ထွက်ပြေးလွှတ်မြောက်လာသူ ဒေသခံတစ်ဦးက “ကျောက်တော်မြို့နယ် အထက်ပိုင်း၊ ကုလားတန်မြစ်ရဲ့ အရှေ့ဘက်ခြမ်း၊ သာစည်ရယ်၊ ရွှေပြည်ရယ်ပေါ့၊ ဖြစ်စဉ်က ဒီလိုပါ ၂၀၂၀ သြဂုတ်လ ၃၁ ရက် နေ့ ညနေပိုင်း ၃ နာရီခွဲဝန်းကျင်က တပ်မတော်စစ်ကြောင်း ကုလားတန်မြစ်ညှာဘက်က ဆင်းလာတဲ့ စစ် ကြောင်းက သာစည်ရွာကိုဝင်ပြီးတော့ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ပြီးတော့ ဝင်တယ်။ သာစည်ရွာ မှာ ရှိတဲ့အမျိုးသမီးတွေ၊ ကလေးတွေ၊ ယောက်ကျား၊ မိန်းမအကုန်လုံးကို ရိုက်နှက် ဖမ်းဆီးပြီးတော့ ခေါ်သွားတယ်။  ရွှေပြည်ဘုန်းတော်ကြီးကျောင်းမှာ အကုန်လုံးပေါ့။ ပြီးတော့ ရွှေပြည်ရွာမှာ ရှိတဲ့လူအကုန်လုံးကိုလည်း အဲ့ဒီ နေ ရာမှာ စုထားတယ်။ သေနတ်တွေပစ်ပြီး ခြိမ်းခြောက် ဖမ်းဆီးထားတယ်” ဟု ပြောသည်။

ကျေးရွာပေါင်း ၃ ရွာမှ လူဦးရေ တစ်ထောင်ကျော်ကို ရွှေပြည်ဘုန်းတော်ကြီးကျောင်းတွင်စုပြီး ဖမ်းထားသည် ဟု သိရသည်။

“အားလုံးရွှေပြည်ဘုန်းတော်ကြီးကျောင်းမှာပဲ။ ရွှေပြည်ရွာက Quarantine ထားတဲ့လူတွေကိုလည်း ဖမ်းဆီးပြီး အားလုံးကို လည်း ဖမ်းထားတယ်။ အခုအကုန်လုံးကို တစ် နေရာတည်းမှာ ဖမ်းထားတာ။ သာစည်ကျေးရွာ အုပ် စုထဲကပဲ သုံးရွာလုံးက လူက တစ်ထောင်ကျော်ဖမ်းခံထားရတယ်။ ထွက်ပြေးတဲ့လူတွေလည်း ထွက်ပြေးလွှတ်  မြောက် သွားတာရှိတယ်။ အခုက အကုန်လုံးကို ဖမ်းဆီးထားပြီးတော့ မနေ့က ညနေစာရယ်၊ ဒီနေ့ မနက်စာ ရယ်၊ အခု ဒီနေ့ ညနေစာရယ် ဘာမှမစားရမသောက်ရနဲ့ ခြိမ်းခြောက်ပြီးတော့ ဖမ်းထားတယ်။ သာစည်ကျေး ရွာက ဦးမောင်ညွှန့်စိန်ရဲ့ သား တစ်ဦးကိုဆိုရင် တစ်ကိုယ်လုံးရိုက်နှက်ထားတော့ သွေးတွေနဲ့ စိုးရိမ်ရ တယ်လို့ ပြေးလာတဲ့လူတစ်ဦးက ပြန်ပြောပြတယ်။ တပ်မတော်စစ်ကြောင်းက စစ်သား အယောက် ၁၇၀၊ ၁၈၀  လောက်ရှိနိုင်တယ်လို့ ပြောတယ်။”

အနီးအနားတွင် တစ်စုံတစ်ရာ တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ ကျေးရွာများထဲသို့ တပ်မတော် စစ်ကြောင်းက ဝင်ရောက်လာပြီး ယခုကဲ့သို့ ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

ရွှေပြည်ကျေးရွာမှ ဦးကျော်အေးကလည်း “ဖမ်းထားတဲ့ အခြေအနေကတော့ ရွာထဲကလူတွေနဲ့တော့ ဒီနေ့ အဆက်အသွယ်မရတော့ဘူး။ တကယ်တော့ ဘာမှန်းမသိ ညာမှန်းမသိဖမ်းခံရတယ်လို့ပဲ ပြောလို့ရတယ်။ ကျနော်တို့လည်း ပုဆိုးမသိမ်းဘာမသိမ်းနဲ့ ထွက်ပြေးရတဲ့အထဲမှာ ပါတယ်ဗျ။ ဘာကြောင့်ဖမ်းတယ်ဆိုတာ  တော့ ကျနော်တို့လည်း မသိဘူးဗျ။ စစ်ကြောင်းက ဝင်လာပြီး ပစ်တယ်၊ ပြီးတော့ဖမ်းတယ်။ ကျနော်တို့လည်း ဖမ်းတယ်ဆိုတော့ အကုန်လုံး အကြောက်တလန့်နဲ့ ထွက်ပြေးရတာဗျ” ဟု ပြောသည်။  

“ကျနော်တို့က သာစည်မှာ ဖမ်းတယ်ဆိုတော့ ပြောရမယ်ဆိုရင် အပေါ်ရွာမှာ ဖမ်းတယ် တအုံးအုံးဖြစ်ပြီးဆို ကျနော်တို့လည်း ကိုယ့်ရဲ့ အသက်လွတ်ဖို့ ထွက်ပြေးရတာပဲ ဖြစ်တယ်ဗျ။ ကျနော်တို့ အခု စုံစမ်းရရှိထားတာတော့ ဖမ်းဆီးတယ်၊ ရိုက်နှက်တယ်၊ နှိပ်စက်နေတယ်ဆိုတာ သေချာပြောလို့ရတယ်။ အခုကျနော်တို့လည်း လွတ်ရာ လုံခြုံရာ နေရာတစ်ခုခုမှာ တိန်းရှောင်နေရတယ်ပေါ့ဗျာ။”

ထို့အပြင် ရွှေပြည်ကျေးရွာမှာ သတ်မှတ်ထားသည့် Quarantine ထားရှိသူများအားလည်း ဖမ်းဆီးခေါ်ဆောင်ထားပြီး ယခုခါ အခြားသော ဒေသခံရွာသားများနှင့်အတူ ရွှေပြည်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဖမ်းဆီးထားသည်ဟု ဦးကျော်အေး က ပြောသည်။

“ကျနော်တို့က COVID-19 ကာလမှ ဒီလိုလုပ်တာ မမှန်ကန်ဘူးလို့ပဲ ထင်တယ်။ အခုလို ဖမ်းတာက တအားကို ရိုင်းစိုင်းရာ ရောက်တယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့ မွေးကင်းစမိခင်၊ မွေးကင်းစ ကလေးတွေက အစပါ တယ်။ ဒီမွေးကင်းစမိခင်ဆိုရင် Home Quarantine ထားတဲ့ လူပေါ့။ သူ့ကိုပါ မချန်ပဲ ခေါ်သွားတာပါဗျ။ ဒီလို ပုံစံမျိုး မညှာမတာလုပ်တဲ့ လုပ်ရပ်တွေကို အမြန်ဆုံး သက်ညှာပေးဖို့ လွှတ်ပေးဖို့ပဲ တောင်းဆိုချင်ပါတယ်ဗျ။”

သာစည်ကျေးရွာတွင် အိမ်ခြေ ၄၀၀ ကျော်၊ ရွှေပြည်ကျေးရွာတွင် အိမ်ခြေ ၆၀၀ နီးပါး နှင့် ရွှေပြည်သစ် ကျေး ရွာတွင် အိမ်ခြေ ၃၀၀ နီးပါးရှိသည်ဟု သိရသည်။

သာစည်၊ ရွှေပြည်နှင့် ရွှေပြည်သစ်ကျေးရွာတို့မှ ဒေသခံရွာသား တစ်ထောင်ကျော် ဖမ်းဆီးခံထားရသည့် ဖြစ်စဉ် နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူအား  ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ထို့အပြင် အဆိုပါ သတင်းနှင့် ပတ်သက်၍လည်း တပ်မတော်က ယနေ့အချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

Most read this week

April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...
April 3, 2024
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃...