ကချင်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၁ သိန်းခန့်ရှိပြီး မဲပေးပိုင်ခွင့်ရှိသူဦးရေ သုံးသိန်းခန့် တိုးလာကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ သိရသည်။
အဆိုပါ ပြည်နယ်တွင် ခရိုင်လေးခရိုင်၊ မြို့နယ် ၁၈ မြို့နယ်၊ ရပ်ကွက် ၁၇၈ ရပ်ကွက်၊ ကျေးရွာပေါင်း ၃၉၂ အုပ်စုရှိပြီး လူဦးရေ ၁၆ သိန်းပါး နေထိုင်ကြသည့်အနက် လာမည့်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၁၀ သိန်းကိုးသောင်းကျော်ရှိကြောင်းနှင့် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲက ပြည်နယ်အတွင်း မဲပေးခွင့်ရှိသူ ရှစ်သိန်းကျော်ရှိခဲ့ရာ ယခင်ရွေးကောက်ပွဲထက် မဲပေးခွင့်ရှိသူဦးရေ သုံးသိန်းနီးပါးတိုးလာခြင်းဖြစ်ကြောင်း သိရသည်။
ယင်းပြည်နယ်တွင် မဲပေးခွင့်ရှိသူအနေဖြင့် မြစ်ကြီးနား ခရိုင်တွင် သုံးသိန်းခြောက်သောင်းခန့်၊ ဗန်းမော်ခရိုင်တွင် နှစ်သိန်းခွဲခန့်၊ မိုးညှင်းခရိုင်တွင် လေးသိန်းနှစ်သောင်း ဝန်းကျင်ခန့်နှင့် ပူတာအိုခရိုင်တွင်ခြောက်သောင်းခန့်ရှိ ကြောင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဒုတိယညွှန်ကြားရေးမှူးဦးထွန်းအောင်ခိုင်က ပြောသည်။
“ကချင်ပြည်နယ်မှာ လူဦးရေအားဖြင့် ၁၅ သိန်းခုနစ်သောင်းလောက်ရှိတယ်။ အဲဒီအထဲကမှ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ဆယ်သိန်းကိုးသောင်းလောက် မဲပေးပိုင်ခွင့်ရှိတယ်” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့်၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း မဲရုံပေါင်း ၈၁၃ ရုံ သတ်မှတ်ဆောင်ရွက်ခဲ့ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ မဲရုံပေါင်း ၈၈၉ ခုထားရန် သတ်မှတ်ထားခြင်းကြောင့် မဲရုံပေါင်း ၇၆ ရုံတိုးလာကြောင်း သိရသည်။
ဇူလိုင် ၂၅ ရက်နေ့မှစတင်ကာ မဲစာရင်းများကို ထုတ်ပြန်ကြေညာပေးခဲ့ပြီး မဲစာရင်း မှားယွင်းခြင်းများမရှိအောင် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့များမှ လုပ်ဆောင်နေကြောင်း ဦးထွန်းအောင်ခိုင်က ပြောသည်။
“မဲစာရင်းကြေညာထားနဲ့ ကာလအတွင်းမှာ မဲဆန္ဒရှင်တွေ မဲစာရင်းမှာ မပါတာ ကျန်ခဲ့တာတွေ၊ အချက်အလက်မှားယွင်းလို့ ပြင်ဆင်ချင်လို့ တောင်းဆိုတာတွေ၊ မပါဝင်သင့်ဘဲ ပါဝင်နေတဲ့ သူတွေကိုပယ်ဖျက်ပေးဖို့ဆောင်းဆိုတာတွေ အတွက် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲ တွေကိုလည်း သိသင့် ၊ သိထိုက် တာတွေနဲ့ လုပ်ငန်းတွေကို မှန်မှန်ကန်ကန်ဆောင်ရွက်ပေးနိုင်ဖို့ မြို့နယ်ကော်မရှင်တွေက ဆွေးနွေးပေးနေတယ်” ဟု ၎င်းကပြောသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လာမည့် နိုဝင်ဘာ ၈ ရက် တွင်ကျင်းပသွားမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ နယ် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၆၄၄ နယ်နှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်အတွက် ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ဇူလိုင် ၁ ရက်က ထုတ်ပြန်ကြေညာထားသည်။



