ဇွဲကပင်တောင်ခြေတွင် အပျော်စီး ကေဘယ်ကား စတင်ပြေးဆွဲ

ဇွဲကပင်တောင်ခြေတွင် အပျော်စီး ကေဘယ်ကား စတင်ပြေးဆွဲ
by -
ကေအိုင်စီ
ကရင်ပြည်နယ်ရှိ အထင်ကရ ဇွဲကပင်တောင်၏ တပေါင်းလပြည့် ဘုရားပွဲတော်ကာလအတွင်း တောင်ခြေလုမ္ဗနီဥယျာဉ်သို့ လာရောက်လည်ပတ်သူများ ပျော်ရွှင်စွာ စီးနင်းနိုင်စေရန်အတွက် ဇွဲကပင်တောင်ခြေအပျော်စီး ကေဘယ်ကားများကို မတ် လ ၁ရက်နေ့မှ စတင်ကာ ကရင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ် ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရှိရသည်။

ဇွဲကပင်တောင်ဆရာတော်ကြီး ဥူးကဝိဓဇ၏ မိန့်မှာမှုများဖြင့် ကေဘယ်ကား ပညာရှင်အင်ဂျင်နီယာ ဦးကျော်ကျော်နှင့်အဖွဲ့က ဇန်နဝါရီလ ၂၂ရက်နေ့မှစတင်ကာ ဖေဖော်ဝါရီလ ၂၂ရက်နေ့အထိ တည်ဆောက်တပ်ဆင်မှုနှင့် စမ်းသပ်မောင်းနှင်မှုများ ပြုလုပ် ခဲ့ကြပြီးနောက် ယမန်နေ့မှ စတင်ကာ လည်ပတ်ပြေးဆွဲပေးနေခြင်း ဖြစ်သည်။

စိန်ပန်းစက်မှုဇုံမှ ကေဘယ်ကားပညာရှင် အင်ဂျင်နီယာဦးကျော်ကျော်က “ဒီအမျိုးအစားက ကစားကွင်းတွေ၊ ပန်းခြံနဲ့ သိပ်မမြင့် တဲ့ တောင်ကုန်းတွေမှာ အပျော်တမ်းစီးတဲ့ ကေဘယ်ကားပုံစံမျိုးပါ။ ပြည်တွင်းမှာရှိတဲ့ ပစ္စည်းတွေ ပြည်ပက မှာယူတဲ့ပစ္စည်း တွေ၊ သယ်ယူခ၊ လုပ်သားခနဲ့ ပစ္စည်းကုန်ကျစရိတ်ပဲ ကုန်တာပါ။ ပြည်တွင်းမှာ ကိုယ်တိုင် တပ်ဆင်နိုင်ခွင့် ပထမဆုံး ကရင်ပြည် နယ်အတွက် လုပ်ပေးခွင့်ရတဲ့အတွက် ဦးတို့ ဂုဏ်ယူပါတယ်”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါအပျော်စီး ကေဘယ်ကားတပ်ဆင်ပြေးဆွဲရာတွင် လုမ္ဗနီဥယျာဉ် ကန်သာယာဘေးဘက်လမ်းမှ တောင်ခြေအထိ မီတာ ၃၀၀ခန့် ရှည်လျားပြီး စတင်အခြေပြုနေရာအမြင့်မှာ ၁၅ပေမှ တောင်ခြေအရောက် ပေ ၆၀ခန့် အမြင့်ရှိကြောင်းနှင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စီးနင်းနိုင်စေရန်အတွက် ကြိုးစားဆောင်ရွက်နေကြောင်း ကေဘယ်ကားတည်ဆောက်မှုများ ပြုလုပ် ပေးနေသည့် ပညာရှင်အင်ဂျင်နီယာများက ပြောဆိုသည်။

ယခု စတင် ဖွင့်လှစ်ပြေးဆွဲပေးနေသည့် ကေဘယ်ကားတစ်တွဲလျှင် လူနှစ်ဦးမှ သုံးဦးအထိ စီးနင်းလိုက်ပါနိုင်ပြီး စီးနင်းခ တစ် ကြိမ်လျှင် လူတစ်ဦး တစ်ထောင်ကျပ်ဖြင့် လက်မှတ်ဝယ်ယူ စီးနင်းနိုင်သည့်အပြင် နောက်ထပ် တွဲဆိုင်းထိုင်ခုံပေါင်း ၅၀ခန့် တပ် ဆင်လည်ပတ်နိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ကေဘယ်ကား လာရောက်စီးနင်းသူ ဖားအံဒေသခံ ကိုမောင်က “ကေဘယ်ကား စီးရတာ အဆင်ပြေပါတယ်။ သူက ငြိမ့်ငြိမ့် လေးပဲ။ ကလေးတွေ၊ လူငယ်တွေ၊ ဘုရားဖူးတွေအတွက် တောင်ခြေမှာ အခုလိုလုပ်တာ ကောင်းပါတယ်။ ဘယ်နေရာမှာ မှ ဒါမျိုးက မရှိသေးဘူးလေ။ အခုက ကျောင်းစာမေးပွဲတွေ ပြီးချိန်ဆိုတော့ လာစီးကြတာများတယ်။ ဇွဲကပင် ဘုရားပွဲရက် ဆို ပိုပြီး လူပိုများမယ်ထင်တယ်”ဟု ပြောဆိုသည်။

ဇွဲကပင်တောင် အပျော်စီး ကေဘယ်ကားတည်ဆောက်မှုများကို ဇွဲကပင်တောင်ဆရာတော်ကြီးမှ လိုအပ်သည့် စက်ပစ္စည်းများ ဝယ်ယူပံ့ပိုးပေးကာ အင်ဂျင်နီယာပညာရှင်မှ လုပ်အားအရ ကုသိုလ်ပြု တည်ဆောက်တပ်ဆင်ပေးခြင်းဖြစ်ပြီး တောင်ထိပ်အထိ စီးနင်းမည့် ကေဘယ်ကား ပြုလုပ်တည်ဆောက်မည်ဆိုပါက ကုန်ကျငွေ ကျပ်သိန်းပေါင်း ၃,၅၀၀မှ ၅,၀၀၀အထိ ရှိနိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။

အမြင့်ပေ ၂၇၃၄ပေရှိသည့် ဇွဲကတောင် ကောင်းကင်အဆင့်မြင့် ကေဘယ်ကားစီမံကိန်းကို ဒေသခံကုမ္ပဏီနှစ်ခုဖြစ်သည့် ဇွဲက ပင်မြေ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်နှင့် ချစ်လင်းမြိုင်တိုယိုတာ ကုမ္ပဏီလီမိတက်တို့က တာဝန်ယူကာ လာမည့် ၁၈လ အတွင်း အပြီးသတ် ဆောက်လုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လာမည့် တပေါင်းလပြည့် (မတ်လ ၁၂ရက်)နေ့တွင် ဇွဲကပင်တောင် ဘုရားပွဲတော် ကျင်းပတော့မည်ဖြစ်သလို နှစ်စဉ်လည်း ၎င်း ဘုရားပွဲတော်သို့ နယ်ခံများနှင့် အနယ်နယ် အရပ်ရပ်မှ ဧည့်သည်များ ပွဲလာရောက်ဆင်နွဲကြခြင်း၊ တောင်ပေါ်သို့ တက်ရောက် ဘုရားဖူး၊ လည်ပတ်ကြသူများလည်း ရှိသည်။

June 13, 2026
မောင်ကျော်စွာ — (အိမ်နီးချင်း – ဒေသတွင်း – အခြားနိုင်ငံများနှင့်) ဆက်ဆံရေး၊ ပြည်တွင်းစီးပွားရေး...
Photo: KIC
June 12, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ဘက်ခြမ်း၊ သောင်ရင်းမြစ်ဘေးတစ်လျှောက် ခိုလှုံနေရသည့်...
June 12, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ဘက်ခြမ်း၊ သောင်ရင်းမြစ်ဘေးတစ်လျှောက် ခိုလှုံနေရသည့်...
June 11, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို/ကျောက်ကြီးမြို့နယ်၊...