တောင်ကြီးမြို့ အထင်ကရ တောင်ချွန်းတွင် ကျိုက်ထီးရိုးပုံတူ တည်ဆောက်မည့်ကိစ္စ မြို့ခံများ လက်မခံ

တောင်ကြီးမြို့ အထင်ကရ တောင်ချွန်းတွင် ကျိုက်ထီးရိုးပုံတူ တည်ဆောက်မည့်ကိစ္စ မြို့ခံများ လက်မခံ
တောင်ချွန်းနောက်ခံပုံရိပ်နှင့် စူဠာမုနိလောကချမ်းသာဘုရား(Photo Credit to Sai Moe)
တောင်ချွန်းနောက်ခံပုံရိပ်နှင့် စူဠာမုနိလောကချမ်းသာဘုရား(Photo Credit to Sai Moe)

နန်းဆိုင်ဖူး — သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၏ အထင်ကရနေရာဖြစ်သည့် တောင်ချွန်းတောင်ပေါ်တွင် ကျိုက်ထီးရိုးစေတီတော်ပုံတူ တည်ဆောက်မည်ကို တောင်ကြီးဒေသခံများက ကန့်ကွက်ကြောင်း သိရသည်။

တောင်ချွန်းသည် တောင်ကြီးမြို့၏ မြို့ဂုဏ်ဆောင်နေရာဖြစ်ပြီး တောင်ပေါ်တွင် ကျိုက်ထီးရိုးစေတီပုံတူနှင့် မှန်တံတား တည်ဆောက်ပါက သဘာဝအရင်းအမြစ်ကို ထိခိုက်ပျက်စီးစေကြောင်း ရှင်သန်ကမ္ဘာမြေ အစိမ်းရောင်ကွန်ယက် ဥက္ကဋ္ဌ ဒေါ်ချယ်ရီကျော်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အစ်မတို့ တောင်ကြီးသူ တောင်ကြီးသားတွေအနေနဲ့တော့ ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဒီတောင်ကြီးက ထိလို့ မရဘူး။ ဒါ ရေဝေရေလဲတွေ ရှိတယ်၊ ဒီတောင်ဟာ ရေစုတဲ့ နေရာဖြစ်တယ် ဆိုတဲ့ဟာ အကုန်လုံး နားလည်ထားပြီီးသားပါ” ဟု ဒေါ်ချယ်ရီကျော်က ဆိုသည်။

စေတီတည်ဆောက်မည့် နယ်လှည့် (၁၀၈) သုသာန် အဓိဋ္ဌာန်ဆရာတော် အသျှင်ကေလာသက တောင်ချွန်းပေါ်တွင် အများပြည်သူ ဖူးမြော်နိုင်ရန်အတွက် ရည်ရွယ်ပြီး ကျိုက်ထီးရိုးစေတီ ပုံတူတည်ဆောက်ခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့်သို့ မိန့်ကြားသည်။

“ဘုန်းဘုန်း ဒီ တောင်ကြီးမြို့ တောင်ချွန်းပေါ်မှာ စေတီဘုရား တည်ထားလိုက်ရင် ဘုရားဖူး ပရိသတ်တွေ နောက်တစ်ခု တစ်ဌာန ဖူးနိုင်မယ်” ဟု မိန့်သည်။

ယင်းသို့ တည်ဆောက်မည့် ဆရာတော်ကို တောင်ကြီးဒေသခံတော်တော်များများက မသိဟု ဆိုကြသည်။

တောင်ကြီးမြို့၏ အထင်ကရနေရာ၊ ပြည်သူများအတွက် ရေအရင်းအမြစ် ရှိသည့်နေရာတွင် ကျိုက်ထီးရိုးပုံတူ တည်ဆောက်မည့်သူကို သျှမ်းပြည်နယ်အစိုးရအနေဖြင့် အရေးယူ ဆောင်ရွက်သင့်ကြောင်း ဒေါ်ချယ်ရီကျော်က ပြောသည်။

“တကယ်လို့ တားမြစ်တာ လက်မခံဘူးဆိုရင် အစ်မတို့က ကန့်ကွက်စာတွေ တင်ပြီး တားမြစ်မယ်။ နောက်ဆုံးမရလို့ရှိရင်် ရတဲ့နည်းနဲ့ တားမြစ်ရမှာပဲ။ ဘယ် တောင်ကြီးသူ တောင်ကြီးသားက ဘယ်သူမှသဘောမတူဘူး။ တောင်ကြီးမြို့ကို ချစ်တဲ့သူတွေတော့ ဒါကို ကာကွယ်ရမှာပဲ” ဟု ၎င်းက ထပ်လောင်းပြောသည်။

ယင်းသို့ တည်ဆောက်မည့်အကြောင်းကို သက်ဆိုင်ရာ ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌထံနှင့် မြို့နယ်သံဃနာယကအဖွဲ့ထံ တင်ပြထားသော်လည်း ပယ်ချခံထားရကြောင်း သိရသည်။

စေတီပုံတူ တည်ဆောက်မည့်ကိစ္စကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ထံ၂၀၁၉ ဒီဇင်ဘာလက တင်ပြထားခဲ့ကြောင်း ဆရာတော်က မိန့်ကြားသည်။



ကျိုက်ထီးရိုးစေတီပုံတူတည်ဆောက်ရန်ပြင်ဆင်ထားပုံ(Photo Credit to Taunggyi Youth)

တောင်ကြီးဒေသခံများ ကန့်ကွက်သည့်ကြားမှ ဆရာတော်အနေဖြင့် “ဒီ ၂ ရက် ၃ ရက်အတွင်းကို နေပြည်တော် ကြွပါမယ်။ သူတို့ ကန့်ကွက်တဲ့ စာတွေ အကုန် ယူသွားမယ်”ဟု သျှမ်းသံတော်ဆင့်ကို မိန့်သည်။

လူမှုကွန်ရက်ပေါ်တွင် ပြောဆိုနေသည့်သူများ၊ ကန့်ကွက်သည့်သူများရှိသော်လည်း ဘုရားမျက်နှာကို ကြည့်ပြီး ဆက်လက်လုပ်ဆောင်သွားမည်ဟု အသျှင်ကေလာသက မိန့်သည်။

ဘုရားပတ်ဝန်းကျင်တွင် အဆောက်အဦ၊ စေတီများ တည်ဆောက်လိုပါက သံဃနာယက ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများရှိကြောင်းလည်း ရွှေဘုန်းပွင့်စေတီ ဂေါပကက ပြောသည်။

ရွှေဘုန်းပွင့်စေတီ ဂေါပက ဒုဥက္ကဋ္ဌ ကိုတင်အောင်ထွန်းက “ကျနော်တို့ ရွှေဘုန်းပွင့်မှာ လာပြီးတော့ ခွင့်ပြုချက် ယူတာမျိုး၊ ထောက်ခံချက် ယူတာမျိုးတော့ မရှိဘူး။ ဘာသာရေးနဲ့ သာသနာရေးကိစ္စ အနီးကပ်ဆုံးသူတွေမှာ ဥပဒေ စည်းမျဉ်းစည်းကမ်းရှိတယ်။ သံဃာနာယက ထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

တောင်ချွန်းသည် တောင်ကြီးမြို့ အမြင့်ဆုံးနေရာတွင် ရှိပြီး  မြို့အလှကို ရှုမြင်နိုင်သည့် နေရာတစ်ခုလည်း ဖြစ်သည်။

Most read this week

December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...