ညီလာခံတွင် ကယန်းလူမျိုးတစ်ခုတည်း ခေါ်ဆိုရန် သဘောတူခဲ့

ညီလာခံတွင် ကယန်းလူမျိုးတစ်ခုတည်း ခေါ်ဆိုရန် သဘောတူခဲ့
by -
ကန္တရဝတီ
မြန်မာတစ်နိုင်ငံလုံးရှိ ကယန်းတိုင်းရင်းသားလူမျိုးများ၏ ဒုတိယအကြိမ်မြောက် ညီလာခံကို ၂၀၁၇ ဇန်နဝါရီလ ၃၁မှ ဖေဖော်ဝါရီလ ၄ရက်နေ့အထိ ဒီးမော့ဆိုမြို့ ကယားနှစ်ခြင်း သာသနာနယ်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

၎င်းညီလာခံတွင် အနယ်နယ်အရပ်ရပ်မှ ကယန်းတိုင်းရင်းသားများအပြင် အခြားတိုင်းရင်းသားများဖြစ်ကြသည့် ပအိုဝ်း၊ ရှမ်း၊ မွန်စသည့် တိုင်းရင်းသားများလည်း တက်ရောက်လာကြသည်။

ညီလာခံတွင် ဘုံသဘောတူညီချက်များ ထုတ်ပြန်ခဲ့ကြသည်။ ထိုထဲတွင်မှ မြန်မာနိုင်ငံတွင် ပြီးခဲ့သော ၂၀၁၄ ခုတွင် သန်းခေါင်စာရင်းကောက်ယူရာ၌ ကယန်းတိုင်းရင်းသားများ၏ အမည်ကို မှားယွင်းစွာ ဖော်ပြခဲ့သည့်အတွက်ကြောင့် နောက်နောင်တွင် မှားယွင်းမှုမရှိစေရန် ယခုညီလာခံတွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ကယားပြည်နယ်မှာရှိတဲ့ ကယန်း၊ ကယော၊ ကယား၊ မိုနူ မနော စသည်ဖြစ်ပေါ့နော အဲ့ဒီတိုင်းရင်းသားတွေ အားလုံးကလည်း ကယားရဲ့ မျိုးနွယ်စုတွေဖြစ်တယ်၊ သီးခြား တိုင်းရင်းသားတစ်မျိုး မဟုတ်ဘူးလို့ အစိုးရတွေက ဒီလိုပဲ သတ်မှတ်တယ်။ သန်းခေါင်စာရင်းကောက်တဲ့အချိန်မှာ ကုဒ်နံပါတ်တွေကိုလည်း အဲ့လိုပဲ သတ်မှတ်တာဖြစ်တယ်။ အဓိကလူမျိုးဆိုပြီးတော့ ကယားပေါ့၊ ပြီးမှ သူ့မျိုးနွယ်စုခွဲဆိုပြီးတော့မှ ကျွန်တော်တို့ ကယန်းမျိုးနွယ်စု ၄ခုဖြစ်တဲ့ ဂေခို၊ ကငန်ကို ယင်းဘော်လို့ သူဖော်ပြတယ်၊ ကခေါင်းကို သူက ပဒေါင်လို့ခေါ်တယ်၊ လထာကို သူတို့က ဇယိမ်းလို့ခေါ်တယ် အဲ့လို ကယားရဲ့မျိုးနွယ်စု လေးခုပါဆိုပြီးတော့မှ ၂၀၁၄ သန်းခေါင်စာရင်းမှာလည်း အဲ့အတိုင်းကောက်တယ် ”ဟု ခွန်းအာသန်းက ပြောသည်။

ကယန်းမျိုးနွယ်စု လေးမျိုးမှာ ကယန်းကငန်၊ ကယန်းကခေါင်း၊ ကယန်းလထာ၊ ကယန်းကဲဒေါ့ ဖြစ်သည်။ မြန်မာအစိုးရခေတ်အဆက်ဆက်တွင် ၎င်းလေးမျိုးကို ကငန်ကို ယင်းဘော်၊ ကခေါင်းကို ပဒေါင်၊ လထာကို ဇယိမ်း၊ ကဲဒေါ့ကို ဂေခိုဟု ခေါ်ဆိုထားခြင်းဖြစ်သည်။

ထို့သို့ ခေါ်ဆိုထားခြင်းသည် ကယန်းလူမျိုးတို့၏ စည်းလုံးညီညွတ်မှုကို များစွာအဟန့်အတား ဖြစ်စေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကယန်းတိုင်းရင်းသားများ ဖြစ်ကြသော မျိုးနွယ်စု ၄ ခုတွင် တူညီသောဘာသာစကား၊ တူညီသော ယဉ်ကျေးမှု၊ တူညီသောသမိုင်းကြောင်းနှင့် တူညီသော ခံယူချက်များရှိကြောင်း ဖော်ပြထားပါသည်။

ယခုလို ကယန်းတိုင်းရင်းသားများ၏ မျိုးနွယ်စုအမည်ကို မှားယွင်းစွာဖော်ပြထားသည်နှင့် ပတ်သက်၍ နေပြည်တော်ကောင်စီနယ်မြေမှ တက်ရောက်လာသော ကယန်းအမျိုးသမီး ဒေါ်လှလှဦးကလည်း ပြောပြထားပါသည်။

“နောက်ပိုင်းကျရင်လည်း ကျွန်မတို့ရဲ့ ကယန်းတိုင်းရင်းသားတွေ တစ်စုတစ်စည်းတည်းဖြစ်ဖို့၊ လူမျိုးစု မခွဲခြားဖို့ ကယန်းဆိုတဲ့ နာမည်လေးတစ်ခုတည်းနဲ့ အားလုံးချီတက်ဖို့ပေါ့နောအဲ့ဒါလေးကိုပဲ ပြောချင်ပါတယ်။ လူမျိုးစုတွေ မခွဲခြားဖို့၊ ဘာလို့လဲဆို ကျွန်မတို့ လူမျိုးစုတွေ တအားများတယ်လေး။ တစ်ခုကိုပဲခံယူဖို့ အဲ့ဒါလေးတစ်ခုကို အကြံပေးချင်တယ်” ဟု ၎င်းကပြောခဲ့ပါသည်။

ကယန်းအမျိုးသားညီလာခံကို ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ရှိနေပြီးသား ကယန်းအမျိုးသား စည်းလုံးညီညွတ်မှုကို ပိုပြီးမြှင့်တင်ရန်၊ ပြောင်းလဲလာသည့် ခေတ်စနစ်ပေါ်မူတည်ပြီး အမျိုးသားများ၏ အခြေအနေကို ပြင်ဆင်ရန်နှင့် အနာဂတ်တိုင်းပြည်တည်ဆောက်ရေးတွင် ကယန်းအမျိုးသားများ မည်သို့ပါဝင်ကြမည်ကို အချင်းချင်းကြားတွင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ကြခြင်းတို့ပဲ ဖြစ်ကြောင်း ခွန်းအာသန်းက ပြောပါသည်။

ဒုတိယအကြိမ်မြောက် ကယန်းအမျိုးသားညီလာခံတွင် ကယန်းဒေသအသီးသီးမှ ကယန်းတိုင်းရင်းသားလူမျိုးများ လူဦးရေ ၈၀၀ကျော်ခန့် တက်ရောက်လာကြကြောင်း သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...