မော်လမြိုင် မုပွန်နယ်မြေရဲစခန်းတွင်အချုပ်သား ၄ ဦးထွက်ပြေး ၁ ဦးပြန်ဖမ်းမိ

မော်လမြိုင် မုပွန်နယ်မြေရဲစခန်းတွင်အချုပ်သား ၄ ဦးထွက်ပြေး ၁ ဦးပြန်ဖမ်းမိ
by -
မွန်သတင်းအေဂျင်စီ
မုပွန်နယ်မြေရဲစခန်း(Facebook)
မုပွန်နယ်မြေရဲစခန်း(Facebook)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်း၌ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၁ နာရီခွဲခန့်အချိန်တွင် ဖမ်းဆီးစစ်ဆေးဆဲတရားခံ ၄ ဦး အချုပ်ခန်းဖောက်ထွက်ပြေးရာ ၁ ဦးကိုပြန်လည်ဖမ်းဆီရမိသည်ဟု မုပွန်နယ်မြေရဲစခန်းမှ သိရသည်။

“ရဲစစ်ဆေးဆဲ တရားခံ ၄ ဦးပေါ့ အချုပ်ခန်းဖောက်ပြေးသွားတယ်၊ ရဲတပ်ဖွဲ့အနေနဲ့က သိသိချင်းဘဲ ပိတ်ဆို့ရှာဖွေမှုတွေ လုပ်တယ်၊ ထွက်ပေါက်အားလုံးကိုလည်း စစ်ဆေးဖို့ လုပ်ထားပါတယ်၊ တရားခံတွေနဲ့ ပတ်သက်တဲ့အချက်အလက်တွေကိုလည်း စစ်ဆေးနေပါတယ်၊ ဒီနေ့ ၁၀ နာရီလောက်မှာတော့ လုယက်မှုနဲ့ ထွက်ပြေးသွားတဲ့ တရားခံမျိုးဇော်ကို ပြန်မိထားပါတယ်၊ ကျန်တဲ့ မူးယစ်မှုနဲ့ ထွက်ပြေးတဲ့ ၃ ယောက်ကိုတော့ မမိသေးဘူး” ဟု မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်အောင်က ပြောသည်။

မုပွန်နယ်မြေရဲစခန်းတွင် ချုပ်နှောင်ထားသည့် ရဲစစ်ဆေးဆဲ အချုပ်သားတရားခံ ၉ ဦးရှိသည့်အနက် တရားခံ ၄ ဦးတို့က အချုပ်ခန်းသံတိုင်တစ်ချောင်းကို သံဖြတ်လွှဖြင့် ဖြတ်ပြီး ထွက်ပြေးသွားသည်ဟု ရဲမှူးမြင့်အောင်က ပြောသည်။

ယင်းသို့အချုပ်သားများထွက်ပြေးချိန်တွင် အချုပ်ခန်းကင်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦးတို့အား စခန်းလုံခြံုရေးချထားကြောင်း၊ယခုဖြစ်ရပ်သည် အချုပ်ခန်းတာဝန်ကျရဲတပ်ဖွဲ့ဝင်တို့၏ အားနည်းချက်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

အဆိုပါ အချုပ်ခန်းဖောက်ပြေးသည့် စိုးစည်သူရှိန်၊ ခိုင်လင်းမြင့်၊ လွှမ်းဝေနိုင်ဆိုသူ ၃ ဦးတို့သည် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူများဖြစ်ပြီး မျိုးဇော်ဆိုသူက လုယက်မှုဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် တရားခံတို့ ဖြစ်သည်။

အချုပ်သားထွက်ပြေးမှုကြောင့် ယင်းအချိန်တွင် တာဝန်ကျနေသည့် ကင်းတပ်သားများအား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားရမည်ဟု ရဲမှူးမြင့်အောင်က ပြောသည်။

ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေပြဌာန်းထားချက်အရ အချုပ်သားထွက်ပြေးလျှင် တာဝန်ကျသူမှာ အမြင့်ဆုံးအပြစ်ဒဏ်အဖြစ်ထောင်ဒဏ် ၃ နှစ်ထိ ကျခံနိုင်သည်ဟု ဖော်ပြထားကြောင်းလည်း ၄င်းက ရှင်းပြသည်။

အချုပ်ခန်းဖောက်ပြေး တရားခံ ဖြစ်သည့် မျိုးဇော် (၁၇) နှစ်ကို (ပ)၂၅၈/၂၀၁၆ လုယက်မှုပုဒ်မ ၃၈၂၊ စိုးစည်သူရှိန် (၂၁) နှစ်သည် (ပ)၃/၂၀၁၇ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့်ပုဒ်မ ၁၅/၁၆(ဂ)/၂၁ ဖြင့်လည်းကောင်း၊ ခိုင်လင်းမြင့် (၂၃) နှစ်သည် (ပ)၄/၂၀၁၇ မူးယစ်းဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့်ပုဒ်မ ၁၅/၁၉(က) ဖြင့်လည်းကောင်း၊ လွှမ်းဝေနိုင် (ခ) ဆိတ်မ (ခ) ဘိုဘို (၂၂) နှစ်သည် (ပ)၅/၂၀၁၇ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့်ပုဒ်မ ၁၉(က)/၅၁၂ ဖြင့် မုပွန်နယ်မြေရဲစခန်းတွင် ဖမ်းဆီးအရေးယူခံထားရသူများဖြစ်သည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...