ရန်ကုန်တွင် ကျင်းပမည့် သွေးချင်းတို့ရဲ့ပွဲတော်တွင် ရခိုင်ရိုးရာယဉ်ကျေးမှု ပြခန်းများ ပါဝင်ပြသမည်

ရန်ကုန်တွင် ကျင်းပမည့် သွေးချင်းတို့ရဲ့ပွဲတော်တွင် ရခိုင်ရိုးရာယဉ်ကျေးမှု ပြခန်းများ ပါဝင်ပြသမည်

ဆောင်းဇာခြည် — ရန်ကုန်တွင် ဖေဖော်ဝါရီ (၁) ရက်နေ့တွင် စတင် ကျင်းပမည့် ၂၀၂၀ သွေးချင်းတို့ရဲ့ ပွဲတော်တွင်  ရခိုင်ရိုးရာယဉ်ကျေးမှု ပြခန်းများ၊ ရိုးရာအကများ၊ ရိုးရာအစားအစာများ၊ ရိုးရာအသုံးအဆောင်များ ရောင်းချပွဲများကို ထည့်သွင်း ကျင်းပ ပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သွေးချင်းများရဲ့ ပွဲတော်ကို လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ရန်ကုန်မြို့၏ အရှေ့မြင်းပြိုင်ကွင်းလမ်း ကျိုက္ကဆံကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားမျိုးနွယ်စုများအားလုံးက ပါဝင်ဆင်နွှဲ့သွားမည်ဖြစ်ကြောင်း ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ ဥက္ကဋ္ဌဒေါ်စောခင်တင့်က နိရဥ္စရာသို့ ပြောသည်။

“ဒီပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ မြန်မာနိုင်ငံအနေနဲ့ တကယ့် ပြည်ထောင်စု သားချင်းတွေ တွေ့ဆုံတဲ့ ပွဲဖြစ်တဲ့အခါ အချင်းချင်း တစ်ဦးတစ်ယောက်နဲ့ မိတ်ဆွေတွေဖြစ်အောင်၊ တစ်ယောက်ယဉ်ကျေးမှုကို တစ်ယောက် လေးစားအောင်၊ မျိုးနွယ်စုတွေဟာလည်းပဲ ရိုင်းပင်း ကူညီကြအောင်ပါ။ သွေးချင်းပွဲတော်က ပြီးခဲ့တဲ့ နှစ်က တစ်ကြိမ်နဲ့ ခုတစ်ကြိမ်ပဲ ရှိပါသေးတယ်။” ဟု သူမက ပြောသည်။

အဆိုပါ ပွဲတော်မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း လူ သိန်းနှင့်ချီ တက်ရောက်ခဲ့ကြကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရပြီး၊ ယင်းပွဲတော်သို့ တိုင်းရင်းသားလူမျိုးနွယ်စု မည်သူမဆို အခကြေးငွေမပေးဘဲ လူဦးရေ အကန့်သတ်မရှိ တက်ရောက်နိုင်ကြောင်း သိရသည်။

ပွဲတော်အား နံနက် ၈ နာရီခန့်မှ ည ၈ နာရီခန့်ထိ တစ်ပတ်ခန့်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး၊ နေ့လယ်ပိုင်းတို့တွင် တိုင်းရင်းသားတစ်ခုစီ၏ ပြခန်းများအား ပြသခြင်း၊ ရိုးရာ ယဉ်ကျေးမှုအက၊ ရိုးရာ အစားအသောက်များနှင့် အဝတ်အထည်များ ရောင်းချခြင်းတို့ ပါဝင်မည်ဖြစ်ပြီး ညနေပိုင်းတွင် အဆို၊ အက စသည့် ဖြေဖျော်ရေးပွဲများ၊ တိုင်းရင်းသားတစ်ခုစီ၏ သက်ဆိုင်ရာ ယိမ်းအကများအား ပါဝင်ဆင်နွှဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

“တိုင်းရင်းမျိုးနွယ်တွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အကုန်မိတ်ဖွဲ့ကြတာတွေ ပါမယ်။ တိုင်းရင်းသား လုပ်ငန်းရှင်တွေ အကုန်လုံးဟာ ကိုယ့်ရဲ့ဆိုင်ရာ တိုင်းရင်းသားတွေကို တာဝန်ယူပြီးတော့ လုပ်ရပါတယ်။ ရခိုင်ကိုဆိုရင် ရခိုင်တိုင်းရင်းသားလုပ်ငန်းရှင်တွေက ဦးဆောင်ပြီး လုပ်ရတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ တအောင်း၊ ဝလူမျိုးတို့၊ ကိုးကန့်တို့လည်း အကုန်ပါပါတယ်။ Miss အလှမယ် ရွေးပွဲတွေလည်း ပါပါတယ်။ လူမျိုးတွေအားလုံးထဲက  အလှမယ် သုံးယောက်ကို ကျွန်မတို့ ရွေးချယ်သွားမယ်ပေါ့နော်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက လာရောက်ပြီး လေ့လာကြပါတယ် ”ဟု ဒေါ်စောခင်တင့်က ဆက်ပြောသည်။

အဆိုပါ ပွဲတော်ကို မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း(MEEA)က ဦးဆောင်ပြီး ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုက္ကဆံကွင်းတွင် ဖေဖေါ်ဝါရီလ ၁ ရက်မှ ၇ ရက်ထိ ပြုလုပ်မည့်သွေးချင်းများ၏ပွဲတော်တွင် ရခိုင်အဆိုတော် မင်းသာကီအပါအဝင် တေးသံရှင်များက ရခိုင်ရိုးရာ အကအလှများဖြင့်လည်း ဖြေဖျော်သွားမည်ဟု သိရသည်။

Most read this week

September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...