စိုးဇံအောင် — ကိုရိုနာဗိုင်းရပ်စ် (ခေါ်) ဝူဟန်ဗိုင်းရပ်စ်ရောဂါကာကွယ်ရေးအတွက် ရခိုင်တွင်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ပြောသည်။
“နံပါတ်တစ်က ကျွန်တော်တို့ စာတွေဖြန့်နေတယ်။မြို့နယ်ကျန်းမာရေးဌာန ၁၇ မြို့နယ်ကို စာထုတ်တယ်။ စာထုတ်တယ်ဆိုတာက ရောဂါ စောင့်ကြပ် ကြည့်ရှုဖို့၊ တုံ့ပြန်ဆောင်ရွက်ဖို့၊ စနစ်တကျကုသပေးဖို့အတွက် ဆိုပြီးတော့ ကျွန်တော်တို့က စံလုပ်ထုံးလုပ်နည်း တွေကို စာထုတ်တယ်။အဲဒါက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ပို့တဲ့စာ။အဲဒါကို ကျွန်တော်တို့က ပြန်ပြီးတော့ ထပ်ဖြန့်ပေးတယ်။ပြီးရင် ဒုတိယက ရောဂါလက္ခဏာ တွေ့လာခဲ့လို့ရှိရင် ဓါတ်ခွဲနမူနာတွေ ဘယ်လိုရယူမလဲ။အဲဒါကို ကျွန်တော်တို့ မြို့နယ်တွေကို စာဖြန့်တယ်”ဟု ဒေါက်တာ စိုးဝင်းပိုင်က ပြောသည်။
ကိုရိုနာဗိုင်းရပ်စ်(ခေါ်)ဝူဟန်ဗိုင်းရပ်စ်သည်၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၊ဝူဟန်မြို့မှ စတင်ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကမ္ဘာတစ်ဝှမ်းကူးစက်ဖြစ်ပွားသူ ၄၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၀၆ ဦးအထိ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်လည်း ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ စိုးရိမ်မှုများမြင့်တက်နေပြီး နယ်စပ် အဝင်အထွက်မြို့ များတွင် ရောဂါကူးစက်ခံရသူများ ဝင်ရောက်ခြင်းရှိမရှိ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်နေကြသည်။
ရခိုင်မြို့နယ် (၁၇) ခုသို့ ရောဂါကာကွယ်ရေးနှင့် ပတ်သက်ပြီး လိုက်နာရမည့်စံ၊ လုပ်ထုံးလုပ်နည်း များကို စာထုတ်ထားသကဲ့သို့ ခရီးသွားလာရေးဌာနများ၌ အများပြည်သူမြင်သာအောင် အသိပေးစာများ ကပ်ရန် အကြောင်းကြားထားသည်ဟု ၎င်းက ပြောသည်။
“ကျွန်တော်တို့မှာ လေဆိပ်တွေ၊ သင်္ဘောဆိပ်တွေရှိတယ်။ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်တွေ ရှိတယ်။ ပြီးရင်ဆေးရုံတွေ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွေမှာ ဒီရောဂါကို စောင့်ကြပ်ကြည့်ရှုဖို့ လုပ်ငန်းလမ်းညွှန်ဆိုပြီး စာတစ်စောင်ထပ်ထုတ်တယ်။ကျွန်တော်တို့ ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ညွှန်ကြားတာတွေအားလုံးကို မြို့နယ်တွေကို အချိန်နဲ့ တစ်ပြေးညီ ထပ်ဆင့် ဖြန့်ဝေတယ်။ အဲဒါမှာ ဘာတွေပါလဲဆိုရင် ၂၀၁၉ ကိုရိုနာဗိုင်းရပ်စ် ရောဂါဆိုတာ ဘယ်လိုလဲ။ ဘယ်လိုတွေ ကူးစက်လဲ။ဘယ်လိုဆောင်ရမလဲ။ ဘယ်လိုရှောင်ရမလဲဆိုတဲ့ အချက်တွေ ပါတယ်။ကျန်းမာရေး အသိပညာပေး ဗွီနိုင်းတွေကို လေဆိပ်တွေ၊သင်္ဘောဆိပ်တွေမှာ တပ်ဆင်နိုင်ဖို့ အတွက် အကြောင်းကြားတယ်” ဟု ၎င်းက ဆက်ပြောသည်။







