အမြောက်ကြီးများပစ်ခတ်ရာမှ မြေကြီးတုန်ခါမှုဖြစ်၍ မြောက်ဦးရှိ သမိုင်းဝင်ကိုးသောင်းဘုရား ပြိုကျ ပျက်စီးမှုများဖြစ်ပေါ်နေ

အမြောက်ကြီးများပစ်ခတ်ရာမှ မြေကြီးတုန်ခါမှုဖြစ်၍ မြောက်ဦးရှိ သမိုင်းဝင်ကိုးသောင်းဘုရား ပြိုကျ ပျက်စီးမှုများဖြစ်ပေါ်နေ

ဆောင်းဇာခြည် -  ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ သမိုင်းဝင် ကိုးသောင်းဘုရား ပုထိုးတော်ကြီး၏ အစိတ်အပိုင်း အချို့မှာ အမြောက်ကြီးများ ပစ်ခတ်ရာမှ မြေကြီးတုန်ခါမှု ဖြစ်ပြီး ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ)မှ ဦးစီးအရာရှိ ဦးသိန်းထွန်းက "အဲဒါကို ကျွန်တော်တို့လည်း အဲဒီဘက်ကို သွားကြည့်လို့မရသေးဘူးဗျ။ နည်းနည်းလုံခြုံမှု မရှိလို့ပေါ့နော်။ သတင်းကတော့ အဲလိုမျိုး ကျွန်တော်တို့လည်း ကြားပါတယ်။ လောလောဆယ်ကတော့ ကျွန်တော်တို့ ကွင်းဆင်းလို့မရသေးပါဘူး။ ကွင်းဆင်းပြီးမှ ဘာဆက်လုပ်ရမလဲ အသေချာပြောနိုင်မယ်"ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ကိုးသောင်းဘုရား အတွင်း လိူင်ဂူ မြောက်ဘက်နှင့် အနောက်မြောက်ဘက် နေရာ တစ်လျှောက်လုံးတွင် ခေါင်မိုးနှင့် နံရံတို့မှာ အက်ကွဲနေကာ တဖြည်းဖြည်း ပြိုကျနေပြီး အလွန် ဆိုးရွားသော အခြေနေတွင် ရောက်ရှိနေကြောင်း မြောက်ဦးဒေသ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်  ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောသည်။

“အရင်တုန်းက လက်နက်ကြီး ပစ်ခတ်လို့ အက်ကွဲနေတဲ့ အပိုင်းတွေ ပြိုကျနေတယ်။ နောက်ထပ် ဒါကို ထပ်ပြီး မထိန်းရင် ဒီထက် ထပ်ပြီး ပြိုဖို့ပဲ ရှိပါတယ်။ ကိုးသောင်းရဲ့ ပတ်ပတ်လည် အမြောက်တွေနဲ့ ပစ်တယ်နေတဲ့ အတွက် ကိုးသောင်းဘုရားရဲ့ အခြေနေက လုံးဝမကောင်းဘူး။ ပြိုကျတော့မယ်ပေါ့နော်။ အခု ဆက်တိုက် ပြိုကျနေပါတယ်”ဟု

ဒေါ်ခင်သန်းက နိရဥ္စရာသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်အတွင်းမှစ၍ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြားတွင် တိုက်ပွဲ အပြန်အလှန် ဖြစ်ပွားလျက်ရှိနေပြီး မြောက်ဦးမြို့ပေါ်ရှိ တပ်ရင်းများမှ အမြောက်ကြီးများဖြင့် နေ့စဉ် ရက်ဆက်ပစ်ခတ်မှုများ ရှိနေခဲ့သည်ဟု  ဒေသခံများက ပြောသည်။

၎င်းတပ်ရင်းများမှ ပစ်ခတ်သော အမြောက်ကြီးများမှာ မည်သည့် အမျိုးအစား လက်နက်ကြီးများ ဖြစ်သည်ကို မသိရှိသော်လည်း အတွဲလိုက်ဒုံးများ တစ်လုံး တစ်လုံး ပစ်ခတ်လျှင် မြို့တစ်ခုလုံး ထိန့်ပါသွားပြီး မြေကြီးများပါ တုန်ခါသွားသည်ဟု ဒေသခံများက ဆိုသည်။

၎င်းပြင် ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီ၊ ပုထိုးတော်၊ ကျုံး၊ စသည်နေရာတို့တွင်လည်း တိုက်ပွဲဖြစ်ပွားရာမှ လက်နက်ကြီး၊ လက်နက်ငယ် ကျည်များ ကျရောက် ပေါက်ကွဲမှုများ ရှိနေကြောင်းလည်း သိရသည်။

“ဒီတိုက်ပွဲတွေကနေပြီးတော့ လက်နက်ကြီးတွေ ပစ်ခတ်မှုတွေကြောင့်ပေါ့နော်။ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေ ထိခိုက်ပျက်စီးတာဟာ ကျွန်မတို့အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုပါပဲ။ အရမ်းကို ဝမ်းနည်းဖို့ ကောင်းလွန်းပါတယ်။ ဒီကိုးသောင်းဘုရား ပြိုကျနေတာဟာ တိုက်ပွဲတွေ စဖြစ်ကတည်းက အချိန်ကတည်းကပါ” ဟု ဒေါ်ခင်သန်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မြောက်ဦးဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က “ကျွန်တော်တို့က ထိန်းသိန်းရေး အလုပ်တွေကို လုပ်မှာပါ။ ရှေးဟောင်းဘုရားတွေကို နှစ်အလိုက် ဦးစားပေးပြီး ပြုပြင် ထိန်းသိမ်းမှုတွေ ကျွန်တော်တို့ ရှိပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ကိုးသောင်းပုထိုးတော်ကြီးကို အေဒီ ၁၅၅၃-၁၅၅၆ ခုနှစ်တွင် ရခိုင်ဘုရင် မင်းတိက္ခာက တည်ထားခဲ့သည့် ရှေးဟောင်းသမိုင်းဝင် ပုထိုးတော်ကြီးဖြစ်သည်ဟု သမိုင်း မှတ်တမ်းများ အရ သိရသည်။

မြောက်ဦးယဉ်ကျေးမှုနယ်မြေအတွင်း တိုက်ပွဲများမဖော်ဆောင်ကြရန်နှင့် ပစ်ခတ် တိုက်ခိုက်မှုများ မပြုလုပ်ကြရန် နှစ်ဘက်လက်နက်ကိုင်အဖွဲ့အစည်းများအား ရခိုင်ပြည်နယ် အစိုးရအနေဖြင့် တိုက်တွန်းပေးရန်တောင်းဆိုသည့်အဆိုတစ်ခုကို ၂ဝ၁၉ ခုနှစ်၊ မေလ ၈ ရက်နေ့ကကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အတည် ပြုနိုင်ခဲ့သော်လည်း လက်နက်ကြီး ပစ်ခတ်မှုများမှာ ဆက်လက်ရှိနေဆဲဟု သိရသည်။

မြောက်ဦးဒေသကို  ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် (UNESCO) စာရင်းဝင်ရေး အဆိုပြုလွှာမူကြမ်းအား ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့က ပြင်သစ်နိုင်ငံ ကမ္ဘာ့အမွေအနှစ်ရုံးသို့ တင်သွင်းထားပြီဖြစ်ပြီး ယခုနှစ် လာမည့် သြဂုတ်လတွင် UNESCO မှ တာဝန်ရှိသူများသည် မြောက်ဦးသို့ လာရောက်လေ့လာကြတော့မည်ဟုလည်း သိရသည်။

မြောက်ဦးယဉ်ကျေးမှုဒေသရှိ ယဉ်ကျေးမှု အမွေအနှစ်တွေ မပျောက်ဆုံး၊ မပျက်စီးစေရေး ရှေးရှုပြီး နိုင်ငံတကာ သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များကို နှစ်ဘက်အဖွဲ့အစည်းများက လေးစားလိုက်နာပြီး စစ်မဲ့ဇုန်အဖြစ် နှစ်ဖက်အဖွဲ့အစည်းတွေက သဘောတူညီချက် ထားရှိပေးကြရန်လည်း မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနပညာ အသင်းက ၂ဝ၁၉ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန် တောင်းဆိုထားသည်။

January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...