သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် အရပ်သားများ ရက်ဆက်တိုက် မိုင်းနင်းမိနေကြောင်း သတင်းရရှိသည်။
ဇန်နဝါရီ ၂၃ ရက် ညနေ ၄ နာရီ ဝန်းကျင်တွင် အာပြောင်ကျေးရွာ ဒေသခံ အမျိုးသား သုံးဦးတို့ ထင်းခုတ်ပြီး နေအိမ်သို့ ဆိုင်ကယ်ဖြင့်အပြန် မိုင်းနင်းမိကာ ဒဏ်ရာရရှိခဲ့ကြောင်း အိုမ်တမာဝ် လူမှုကူညီရေးအသင်း မွ မိုင်းအဘမ်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“မိုင်းထိတာ သုံးဦးပါ။ တစ်ယောက်က ခြေတလုံး၊ ပါး၊ လက်ချောင်းတွေ ထိတယ်။ နောက်တစ်ယောက်က ပေါင်၊ ခြေသလုံးတွေ ထိတယ်။ နောက်တစ်ယောက်က ဗိုက် ထိတယ်” ဟု မိုင်းအဘမ်းက ဆိုသည်။
မိုင်းထိမှန်သည့် အမျိုးသား သုံးဦးမှာ အသက် ၂၅ နှစ်အထက် အရွယ်များဖြစ်ကြပြီး လက်ရှိအချိန်၌ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသခံနေရကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA )၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်( RCSS/SSA) နှင့် မြန်မာ့တပ်မတော်တို့ လှုပ်ရှားသည့်ဒေသ ဖြစ်သည်။
ထိုနေရာတဝိုက်တွင် တိုင်းရင်းသား လက်နက်ကိုင်နှင့် မြန်မာ့တပ်မတော်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားကာ မြေမြှုပ်မိုင်းများစွာ ထောင်ထားသည့် နေရာလည်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။
“ မိုင်းက နေ့တိုင်း နင်းမိနေတယ်။ ရက်ဆက်တိုက်ပဲ။ ၂၀၁၉ ခုနှစ်ကတော့ အများဆုံးလို့ ကျွန်တော် ထင်တယ်” ဟု မိုင်းအဘမ်းက ပြောသည်။
သျှမ်းပြည်မြောက်ပိုင်း သီပေါ၊ ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ ဒေသများတွင် ယခင်က မြေမြှုပ်မိုင်းနင်းမိသည့် အရပ်သား မရှိသလောက် နည်းပါးခဲ့သော်လည်း ၂၀၁၉ ခုနှစ်က စတင်ကာ နေ့စဉ်နှင့်အမျှ စတင် ကြုံတွေ့လာရသည်။
“ တိုက်ပွဲတွေ မိုင်းတွေကို ပြည်သူတွေနဲ့ လွတ်ကင်းတဲ့ နေရာမှာ ထောင်စေချင်တယ်။ အခုက ပြည်သူတွေ သွားတဲ့လမ်းမှာ ထောင်ကြတယ်။ ဒီမိုင်းတွေက ထောင်တဲ့သူတွေ သိမှာပါ”ဟု ကျောက်မဲမြို့နယ် ဒေသခံ စိုင်းရွှေက ပြောသည်။
မိုင်းနင်းမိသည့် ပြည်သူများသည် ထိခိုက်ဒဏ်ရာရရှိကာ စားဝတ်နေရေး ရှာဖွေရန် ခက်ခဲနေကြကြောင်း၊ ထို့ပြင် မိုင်းနင်းမိမည်ကို စိုးရိမ်မှုကြောင့် တောင်ယာထဲ မဆင်းရဲကြကြောင်း စိုင်းရွှေက ထပ်လောင်းပြောသည်။
မြန်မာ့တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် မိမိတို့ ထောင်ထားသည့် မိုင်းများကို ပြန်လည် ရှင်းလင်းပေးစေလိုကြောင်းလည်း သျှမ်းမြောက်ပြည်သူများက တောင်းဆိုလိုက်သည်။
“မြေမြှုပ်မိုင်းတွေကို ဖြစ်နိုင်ရင် မသုံးစေချင်ဘူး။ မိုင်းပညာပေးအနေနဲ့လည်း များများလုပ်ပေးစေချင်တယ်။ တပ်မတော်နဲ့ လက်နက်ကိုင်အနေနဲ့ မိုင်းရှင်းလင်းမှုကို အရင်ဆုံး ပြုလုပ်စေချင်ပါတယ်” ဟု မိုင်းအဘမ်းက တောင်းဆိုလိုက်သည်။
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်နှင့် ကျောက်မဲမြို့နယ်၌ ယခုနှစ် လဆန်းပိုင်းတွင် မြေမြှုပ်မိုင်းကြောင့် တစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။







