အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခံထားရသူ အငူမော်မှ ကိုအိုးဖောက် ပြန်လွှတ်မြောက်

အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခံထားရသူ အငူမော်မှ ကိုအိုးဖောက် ပြန်လွှတ်မြောက်

သန့်မြတ်ခိုင် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာမှ အကြမ်းဖက်မှုဖြင့် ဖမ်းဆီး တရားစွဲခံနေခဲ့ရသူ ကိုအိုးဖောက် (ခေါ်)မောင်စံသိန်းသည် အပြစ်မရှိသဖြင့် ယနေ့တွင် စစ်တွေ ခရိုင် တရားရုံးမှ ပြန်လွှတ်လာပြီဟု သတင်းရရှိသည်။

၂၀၁၉ စတင်ဘာလ ၂၃ ရက်နေ့ က ရသေ့တောင်မြို့နယ် အငူမော် ဆိပ်ကမ်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး ပစ်ခတ်မှုဖြစ်ကာ ရွာသား တစ်ဦးကျည်ဆံထိမှန် သေဆုံး သွားပြီးနောက်ပိုင်းတွင် ကိုအိုးဖောက် (ခေါ်)မောင်စံသိန်းအား သူအလုပ် လုပ်နေသည့် ဝပ်ရှော့မှ ဗုံးတစ်လုံးရရှိသည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးသွားခဲ့သည်။

“သက်သေတွေကို စစ်ဆေးတဲ့အခါမှာ နည်းပညာတွေနဲ့ အစ စစ်ဆေးတယ်။ အဲလို စစ်ဆေးတဲ့ အခါမှာ အဲဒီဗုံးက အဲဒီရတယ် ဆိုတဲ့ဗုံးက ဖယောင်းပိတ်ထားတာ၊ စနက်တံ မပါတာ၊ ရီမုတ်နဲ့ ခွဲရင်လည်း မရတာ၊ အဲလိုအဖြေတွေက အမှုမှာ ပေါ်တယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် သူ့ရှေ့က ရတာလည်းမဟုတ်။ သူ့လက်ထဲက ရတာလည်းမဟုတ်။ အဲလိုအနေအထားနဲ့ သူ့ကို အကြမ်းဖက် ဥပဒေနဲ့ စွဲချက် မတင်သင့်ဆိုပြီး သူ့ကို လွှတ်ပေးလိုက်တာ” ဟု သူအမှုအား လိုက်ပါ ဆောင်ရွက် ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က နိရဉ္စရာသို့ ပြောသည်။

သူ့အား ဗုံးရသည်ဟုဆိုကာ ဖမ်းဆီး တရားစွဲဆိုခြင်းမှာ လုပ်ကြံမှုသာ ဖြစ်ကြောင်း ပြောဆိုသည်။

“သူတို့ရွာ ကူတိုးဆိပ်မှာ ပေါက်ကွဲမှုတွေဖြစ်ပြီး လူသေတဲ့ အဆင့်ထိဖြစ်ခဲ့တယ်။ ရွာသား တွေကလည်း ရွာနီးချောင်းစပ်တွေနှင့် စစ်တွေမြို့ကိုအထိ ထွက်ပြေး ကြရတယ်။ အိုးတွေ အိမ်တွေကို ပစ်ပြီးတော့။ ဆိုတော့ သေတဲ့လူကို သင်္ဂြိုလ်ဖို့ အတွက် ရွာသင်္ချိုင်းမှာလူတွေ စုနေကြတဲ့အချိန် စစ်တပ်နဲ့ လဝက အချို့ ရောက်လာပြီးတော့ အိမ်ထောင်စု စာရင်း စစ်မေးဆိုပြီး အိမ် တစ်အိမ်နှစ်အိမ်ကို အစစ်ပြတယ်။ အစစ်ပြတယ်ဆိုတာကလည်း အိုးဖောက်(ခေါ်) မောင်စံသိန်းကို ဖမ်းချင်လို့။ စစ်တပ်နဲ့ အလွမ်းသင့်တဲ့ ကားဆွဲ နေတဲ့ လူတစ်ယောက်နဲ့ ရန်ဖြစ်ထားတဲ့ ဒီ အိုးဖောက်(ခေါ်) မောင်စံသိန်းကို သူက လုပ်ကြံပုံရတယ်။ လမ်းမနားနဲ့ ကပ်ပြီးတော့ အလုပ်ရုံရှိတယ်။ ဝပ်ရှော့လည်း လုပ်တယ်။ ဝက်ရှော့မှာ ကားနဲ့ ဆိုင်ကယ် ပစ္စည်းလည်း ရောင်းတယ်။ အဲဒီဝပ်ရှော့ အလုပ်ရုံက တံခါးမရှိ ဟာလာဟင်းလင်း ပစ္စည်း ကရိယာတွေကလည်း အတွင်းပါအပြင်ပါ။ အိမ်ထောင်စု စာရင်းစစ်ဖို့ဝင်တော့ အဲဒီအလုပ်ရုံကို စစ်တပ်က နှစ်ယောက် ဝင်ပြီးတော့ လူလည်းမရှိ။ သူလည်းမရှိ။ အဲလိုနေရာက ဗုံးတွေ့တယ် ဆိုပြီးတော့ ပလစတစ် အဝါ ဗုံးတစ်ဗုံး ။ ဆိုတော့ အိုးဖောက်က ငါ့ဆီမှာ ဘယ်က ဗုံးရမှာလဲ။ ဗုံးသာ တကယ် တွေ့ခဲ့ရင် ငါ့ကိုသတ်ပစ်လိုက်လို့ပြောတယ်။ အဲလိုပြောရင်လည်း သူ့ကို ဖမ်းသွားပြီး အကြမ်းဖက် ဥပဒေနဲ့ စွဲတယ်” ဟု ဆရာမဒေါ်အေးနုစိန်က ပြောသည်။

၄လကြာ ဖမ်းဆီးစစ်ဆေးခံရပြီး အပြစ်မရှိသည့်အတွက် ပြန်လည် လွတ်မြောက် လာခြင်း ဖြစ်ကြောင်း၊ လွတ်မြောက်လာသည့် အတွက် ဝမ်းမြောက် ဝမ်းသာ ဖြစ်ရကြောင်း မတရားဖမ်းဆီး စစ်ဆေးခံခဲ့ရပြီး လွှတ်မြောက်လာသူ ကာယကံရှင် အိုးဖောက်(ခေါ်) မောင်စံသိန်းက နိရဉ္စရာသို့ ပြောသည်။

“ကျနော်က သူတို့မေးတာကို အမှန်အတိုင်းဖြေပါတယ်။ သူတို့စစ်ဆေးတဲ့အချိန်မှာ ရိုက်တာတွေ ဘာတွေတော့မရှိဘူး။ ကျနော့်ကို သက်သက်လုပ်ကြံတာသိလို့ စစ်ဆေးတဲ့ လူတွေကိုလည်း ပြောပြလိုက်ပါသေးတယ်။ ဒါက လုပ်ကြံတာလို့။ ပြောပြပြန်တော့လည်း လွှတ်မပေးဘူး။ အမှန်က သူတို့ လုပ်ကြံတာကို ကျနော်ကို ဖမ်းတဲ့ ဗိုလ်မှူးတို့ ကိုယ်တိုင် သိရမယ်ဆိုပြီးတော့ ကျနော် ပြောပါသေးတယ်။ မတရား ဖမ်းဆီးတာတော့ ဖမ်းဆီး ပီးသွားပြီ ဆိုပေမယ့် အချိန်ကြာကြီး ဖမ်းဆီး ခံရတာကတော့ အထူးနစ်နာပါတယ်။ တရား ရင်ဆိုင်တဲ့ အချိန်မှာ တရားရုံးက အမှန်တရား ဘက်က ရပ်တည် ပေးလိုက်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်” ဟု လွတ်မြောက်လာသူ မောင်စံသိန်းက ပြောသည်။

စစ်တပ်က ဝင်စစ်ဆေးသည့်အချိန် လက်လုပ်မိုင်း တစ်လုံး ရသည်ဟုဆိုကာ လုပ်ကြံစွပ်စွဲပြီး ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ၊ မတရား ဖမ်းဆီးခံရသည့်အတွက် အပြစ်မရှိ၍ ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်ကြောင်း အငူမော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မောင်က ပြောသည်။

“သူ့မှာ အပြစ်တစ် တစ်စုံတစ်ရာမှမရှိတာ။ အပြစ်မရှိရင် တရားစွဲလို့ မရဘူးလေ။ တရားလို တွေလည်း တစ်ယောက်လည်း မရောက်ဘူး။ သူ့မှာ ပြစ်မှုမရှိတဲ့အတွက် သူလွတ်ပါတယ်။ အဲဒီပတ်ဝန်းကျင်မှာ မိုင်းပေါက်တဲ့အခါ သူ့အိမ်က ကပ်လို့ မိုင်းတစ်လုံးရတယ် ဆိုပြီးတော့ လုပ်တာလေ။ အဲဒါက လုပ်ကြံတဲ့ မိုင်းပါ။ လုပ်ကြံမိုင်းတစ်လုံးကို သူ့ကိုစွပ်စွဲပြီးတော့ သူအဖမ်းခံခဲ့ရတာပါ။ တရားလိုတွေကလည်း တစ်ယောက်မှ ရုံးချိန်းတိုင်း မရောက်ဘူး။ တရားလို မရောက်တော့ သူ့ကို့ပြန်လွတ်လာတာလေ ” ဟု ပြောသည်။

January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...