ကုလားတန်မြစ်ထဲ စစ်ရေယာဉ်အုပ်စုတစ်ခုနှင့် AA တို့အကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား၊ ကျေးရွာသားတစ်ဦးဒဏ်ရာရ

ကုလားတန်မြစ်ထဲ စစ်ရေယာဉ်အုပ်စုတစ်ခုနှင့် AA တို့အကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား၊ ကျေးရွာသားတစ်ဦးဒဏ်ရာရ

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကုလားတန် မြစ်အတွင်း  စစ်ရေယာဉ်အုပ်စု တစ်ခုနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကျေးရွာသား တစ်ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

၎င်းပစ်ခတ်မှုမှာ ကျောက်တော်မြို့နယ် အခစားကျေးရွာနှင့် အုပ်ကြွပ်ကျေးရွာတို့အကြားတွင် ဖြစ်ပွားခဲ့ပြီး သေနတ်ကျည်စများ ထိမှန်၍ ကျေးရွာသားတစ်ဦး ဒဏ်ရာရရှိသွားသလို နွားတစ်ကောင်လည်း သေဆုံးသွားကြောင်း ကျေးရွာသားများက ပြောသည်။

ဒဏ်ရာရရှိသွားသူမှာ အခစားကျေးရွာမှ ဦးကျော်ကျော် (၃၃) နှစ် ဖြစ်သည်။ ကျောက်တော်မြို့နယ်မှ စစ်တွေမြို့ဘက်သို့ ကုလားတန် မြစ်အတိုင်း ဆင်းလာသော ရေယာဉ် ၅ စီးနှင့် ရက္ခိုင့်တပ်တော် (AA)  တို့ အကြား  လွန်ခဲ့သည့်ညဉ့် ၁၂နာရီကျော်ခန့်က အပြန်လှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အုပ်ကြွပ်ကျေးရွာမှ ဦးမောင်နုသာက နိရဥ္စရာသို့ ပြောသည်။

“မြစ်ထဲမှာရှိတဲ့ စစ်ရေယာဉ်တွေဘက်က အရင်စပစ်တယ်။ အခစားကျေးရွာနှင့် အုပ်ကြွပ်ကျေးရွာ အကြားမှာပါ။  ပြီးတော့ ဒီကုန်းဘက်ကလည်း ပစ်တယ်။ နေဗီတွေက စစ်တွေဘက်ကို ဆင်းတာ။ အဲဒီမှာ ကမ်းနားဘက်ကို လှမ်းပစ်ပါတယ်။ နွားနဲ့ လူကိုထိတော့ နွားက သေသွားပါတယ်။ လူကတော့ ဒဏ်ရာပဲ ရလိုက်တာပါ။ ဒဏ်ရာကလည်း သိပ်တော့ မပြင်းပါဘူး” ဟု ၎င်းက ပြောသည်။

ယင်းပစ်ခတ်မှုဖြစ်သည့်နေရာသည် အခစားကျေးရွာတို့မှာ ဖာလုံခွဲခန့်၊ အုပ်ကြွပ်ကျေးရွာနှင့် ၁ မိုင်ခန့် ဝေးကွာကြောင်း သိရသည်။

“လက်နက်က ပေါက်ကွဲလာပြီး သူ့ဆီ ကျည်စ လာထိတာပါ။ တိုက်ရိုက်ကျတာ မဟုတ်ဘူးပေါ့နော်။ ပစ်ခတ်မှုတေ ွဖြစ်တော့ အိမ်ထဲက ဗုံးတွင်းထဲမှာ ပုန်းနေကြတာ။ သူက အနားကဖြစ်နေတော့ သူ့ဆီပဲ လက်နက်အစတွေ ထိမှန်သွားတာပါ။ သူက နွားအငှားထိန်းပါတယ်။ အဲဒီနွားကိုလည်း လက်နက်ကျည်ထိပြီး သေသွားပါတယ်” ဟု ဒဏ်ရာရရှိသွားသူနှင့် ဆွေမျိုးတော်စပ်သည့် အခစားကျေးရွာမှ ဦးကျော်မောင်က နိရဥ္စရာသို့ ပြောသည်။

ဒဏ်ရာမှာ ဘယ်ဘက်ပေါင်နှင့် ညာဘက် ခြေသလုံးများ၌ ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း၊  ၎င်းနေအိမ်အားလည်း လက်နက်စများ ထိမှန်ထားကာ အိမ်၌ အသုံးအဆောင်ပစ္စည်းတချို့မှာလည်း ပျက်စီးသွားကြောင်း ပြောသည်။

ဒဏ်ရာရသွားသူမှာ  ဇန္နဝါရီ ၂၁ နံနက် ၆ နာရီခန့် ကျောက်တော်မြို့နယ်၊ အပေါက်ဝ တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးသဖြင့် တပ်ဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။

ပစ်ခတ်မှုဖြစ်ပွားသည့် ကိစ္စအား အသေးစိတ်သိလို၍ ရက္ခိုင့်တပ်တော် (AA) မှ ပြန်ကြားရေး တာဝန်ခံခိုင်သုခအားလည်း နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ အဆက်အသွယ်မရရှိသေးပါ။

ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...