ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်နယ်၊ အမ်းမြို့ပေါ်တွင် ရောက်ရှိခိုလှုံနေကြသည့် ချင်းတိုင်းရင်းသားများအား မြောက်ဦးအခြေစိုက် မြတန်ဆောင်းဖောင်ဒေရှင်းမှ ဆန်ရိက္ခာနှင့် အဝတ်အထည်များ သွားရောက် ကူညီခဲ့သည်ဟု သတင်းရရှိသည်။
လှူဒါန်းခဲ့သော ပစ္စည်းများမှာ ဆန် ၄၄အိတ်၊ ဆီ၅ဖာ၊ ဆပ်ပြာမှုန့် ၁အိတ်၊ ဖျာ ၂၂ချပ်၊ အဝတ်အထည် ၁၆ထုပ်နှင့်လူသုံးကုန်ပစ္စည်းများဖြစ်ကြောင်း မြတန်ဆောင်းဖောင်ဒေးရှင်း ဦးဆောင် မြတန်ဆောင်းဆရာတော်က မိန့်ကြားသည်။
“ဦးဇင်းတို့ သွားလှူရတဲ့ ရည်ရွယ်ချက်က စစ်ကြောင့် ဒုက္ခရောက်နေကြတဲ့ ဘယ်သူ့ကို မဆို ကူညီ ထောက်ပံ့မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွားရောက် ကူညီတာပါ။ ဘာသာ လူမျိုးမခွဲခြားဘဲ ကူညီတာပါ။ ချင်းဘဲ ဖြစ်ဖြစ်၊ ဗမာဘဲ ဖြစ်ဖြစ်၊ ဘယ်တိုင်းရင်းသားဘဲ ဖြစ်ဖြစ် ဒုက္ခရောက်နေရင် နိုင်သလောက် ကူညီထောက်ပံ့ ရမယ်တဲ့ ရည်ရွယ်ချက်နဲ့ သွားရောက် ကူညီတာပါ။ ဒီလ ၁၅ ရက်နေ့က သွားတယ်။ ၁၇ ရက်နေ့မှာ အကူအညီတွေကို ပေးအပ်နိုင်ခဲ့ပါတယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်ကြားသည်။
အမ်းမြို့ပေါ်သို့ ရောက်ရှိ ခိုလှုံနေကြသော စစ်ဘေးရှောင်များထဲတွင် ချင်းလူမျိုးအများစု ဖြစ်ပြီး စုစုပေါင်း လူဦးရေ ၄၀၀ ကျော်ရှိကာ အမ်းမြို့ပေါ်တွင် ပြန့်ကြဲကာ နီးစပ်ရာ ဆွေမျိုး အသိမိတ်ဆွေများနေအိမ်တွင် ခိုလှုံနေကြရသည်ဟု သိရသည်။
၎င်းတို့မှာ အရိုးတောင်၊ ရွာဟောင်း၊ နှမ်းချောင်း၊ ကြိမ်ချောင်း၊ မဲလက်မောင်း၊ ခမောင်းတော၊ အန်းတည်ချောင်း၊ ဘူးသီးတောင်၊ မဲတောင်ခြေရင်း၊ ရှမ်းကုန်း စသည့် ကျေးရွာများမှ ဖြစ်ကြပြီး သာမန်ရိုးသားသည့် တောင်သူ လယ်သမား လူတန်းစားများ ဖြစ်ကြသည်ဟုဆိုသည်။
“ သူတို့က အမ်းကို သွားရောက်ခိုလှုံနေကြပေမယ့် ဒုက္ခသည် စခန်းနဲ့ နေထိုင်နေကြတာ မဟုတ်ဘူး။ ဟိုတစ်စု ဒီတစ်စု နေထိုင်နေကြရတယ်။ သူတို့ကို သွားရောက်ကူညီရေးက တစ်စုတည်းမဟုတ်တော့ အခက်အခဲရှိတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အမ်းမြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ ထွက်ပြေးလာတဲ့အတွက် ဒုက္ခသည် စခန်းအဖြစ် ဖွင့်ပြီး မထားနိုင်ဘူးလို့ ပြောတယ်လို့ သိရတယ်။ ဦးဇင်းတို့ သဘောက ဘယ်လို အကြောင်းကြောင့် ဖြစ်ပါစေ။ ကြောက်လို့ ထွက်ပြေးလာသည်ဖြစ်စေ။ အိုးအိမ်ကို စွန့်ခွာလာကြသူတွေ ဖြစ်တဲ့ အတွက် ဒုက္ခရောက်နေကြရသူတွေ ဖြစ်တာမို့ သူတို့ကို စနစ်တကျ စခန်းဖွင့်လှစ်ပြီး ထားစေလိုပါတယ်” ဟု ပြောကြားသည်။
မြတန်ဆောင်းဖောင်ဒေးရှင်းသည် ဒုက္ခရောက်နေသည့် ရခိုင်ပြည်သူများအား အကူအညီပေးနေသည့် အရပ်ဘက် လူမှု အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး လက်ရှိ အချိန်ထိ စစ်ဘေးရှောင်ပြည်သူများအတွက် သိန်းပေါင်း (၁၂၀၀) ခန့် ကူညီလှူဒါန်းထားပြီ ဖြစ်ကြောင်း၊ ယင်းအထဲတွင် စင်းဘောကိုင်း စစ်ဘေးရှောင်စခန်း တည်ဆောက်ရေးအတွက် သိန်းပေါင်း ၆၀၀ ကျော်လှူဒါန်းထားသည်ဟု သိရှိရသည်။







