ဒဏ်ရာရ လူငယ်တစ်ဦးကို မြောက်ဦး အမှတ် (၅၄၀) တပ်ရင်းထဲသို့ သယ်ယူသွားဟု မျက်မြင်ဒေသခံများ ပြောဆို

ဒဏ်ရာရ လူငယ်တစ်ဦးကို မြောက်ဦး အမှတ် (၅၄၀) တပ်ရင်းထဲသို့ သယ်ယူသွားဟု မျက်မြင်ဒေသခံများ ပြောဆို

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ အမှတ် (၅၄၀) တပ်ရင်းမှ ဒဏ်ရာရ လူငယ်တစ်ဦးကို တပ်ရင်းထဲသို့ ထွေလာဂျီ တစ်စီးဖြင့် သယ်ယူသွားသည်ဟု မျက်မြင် ဒေသခံ တစ်ဦးနှင့် အရပ်ဘက်အဖွဲ့အစည်းမှ တာဝန်ရှိသူ တစ်ဦးက ဖုန်းဆက်ပြောကြားသည်။

မျက်မြင်ဒေသခံ တစ်ဦးက “ ကျွန်တော် ဇန်နဝါရီ ၁၉ ရက် မနက် ၉ နာရီ အချိန်က အဲဒီ ၅၄၀ တပ်ရင်းက ဖြတ်စဉ်မှာ မြင်ခဲ့ရတာပါ။ အဲဒီလူငယ်က လမ်းဘေးမှာ လဲကျနေတယ်။ သေနတ်တွေနဲ့ စစ်သားသုံးဦးက အရပ်သား ထွေလာဂျီ တစ်စီးကို တားပြီး အဲဒီ ကောင်လေးကို တင်ပြီး တပ်ရင်းထဲကို ခေါ်သွားပါတယ်။ အဲဒီ ကောင်လေးရဲ့ မော်တော်ဆိုင်ကယ်က အဲဒီ အကွေ့ရဲ့ လမ်းဘေး ခြုံတောထဲမှာ ကျနေတာကို တွေ့ခဲ့ရတယ်။ ဘာဖြစ်သလဲ၊ ဘာကြောင့် တပ်ရင်းထဲကို သယ်ယူသွားသလဲဆိုတာကို မသိပါဘူး” ဟု ‌ပြောကြားသည်။

တစ်ခြား အနီးအနားရှိ ဒေသခံ တစ်ဦးက ၎င်းလူငယ်သည် ဆိုင်ကယ်နှင့် တပ်ရင်းကို ဖြတ်သန်းစဉ် သေနတ် ခြောက်ချက် ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းပစ်ခတ်စဉ်အတွင်း ကျည်ဆံ ထိမှန်သွားခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“ အခုက တပ်ရင်းရှေ့က ဖြတ်တဲ့ ဆိုင်ကယ်၊ မော်တော်ကား အကုန်လုံးကို စစ်ပါတယ်။ အဲဒီကောင်လေးကို ပစ်တာက တပ်ရင်းရှေ့ အလွန် အကွေ့မှာ ပစ်တာပါ။ သူက စစ်ဆေးခံပြီးမှ ပစ်တာလား၊ စစ်ဆေးမခံဘဲ ထွက်ပြေးတဲ့ အတွက် ပစ်တာလားဆိုတာကို ကျနော် မသိဘူး၊ နောက်ကနေ ၆ ချက် လိုက်ပစ်တယ်။ အဲဒီမှာ ထိသွားတာပါ” ဟု ပြောကြားသည်။

သို့သော်လည်း ၎င်းလူငယ်မှာ မည်သူမည်ဝါဟု မသိရသေးကြောင်း ၎င်းတို့က ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ ကျွန်တော်ကို ဒေသခံတွေဖုန်းဆက် အကြောင်းကြားလာပါတယ်။ ဆိုင်ကယ်နဲ့ လာတဲ့ လူငယ် တစ်ဦး လမ်းဘဲမှာ လဲကျနေတာကို ထွေလာဂျီနဲ့ တပ်ရင်းထဲကို ယူသွားတယ်လို့ ပြောပါတယ်။ ဘယ်သူဆိုတာကိုတော့ ကျွန်တော်တို့ စုံစမ်းနေတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကိုတော့ ဖြစ်စဉ်ကို အကြောင်းကြားသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

နိရဉ္စရာသတင်းဌာနမှ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဖုန်းအကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းကိုင် ဖြေဆိုခြင်း မရှိသဖြင့် ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်ဘက်က အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိသေးပါ။

တပ်မတော် ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ နေ့လယ် ၁ နာရီ ၁၀ မိနစ်က ဆက်သွယ်ရာတွင်လည်း ဖုန်းကိုင် ဖြေဆိုခြင်း မရှိပါ။

အလားတူ ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း ပြင်ယောင်းကျေးရွာမှ ဦးရွှေသိန်းနှင့် ဒေါ်သန်းသန်းနုသား ကိုကျော်မင်းနိုင် (၂၈) နှစ်ကိုလည်း အမှတ် (၅၄၀) တပ်ရင်းရှေ့မှ ဖြတ်သွားစဉ် မသင်္ကာ၍ ဖမ်းဆီးထားကြောင်း မိသားစုများက ပြောကြားသည်။

ပြင်ယောင်းကျေးရွာအုပ်ချုပ်ရေးမှူးက “ သူရဲ့ အဖေနဲ့ ကျွန်တော်ကို ညီအစ်ကို ပြုထားတာပါ။ သူတို့က ကချင် ဖားကန့်မှာနေကြပါတယ်။ ကျွန်တော်က သူတို့သားကို ကျွန်တော်သားတွေနဲ့ အတူတူ ရှင်ပြုဖို့ ခေါ်လိုက်တာပါ။ သူတို့ ပြာသို လဆန်း ၇ ရက် ၈ ရက်နေ့မှာ ရောက်ပါတယ်။ ပြာသို လပြည့်ကျော် ၂ရက်နေ့က ရှင်ပြုတယ်။ မနေ့က ရှင်က ထွက်ပြီး ဖုန်းတစ်လုံး ဝယ်ဖို့ မြောက်ဦးကို သွားကြတာပါ။ သုံးယောက်သွားတာမှာ နှစ်ယောက် ဆိုင်ကယ်က တစ်စီး၊ သူက တစ်ယောက်တည်းက တစ်စီး။ အဲဒီမှာသူ့ဆိုင်ကယ်က တပ်ရင်းအနီးမှာ ပျက်တယ်လို့ ပြောပါတယ်။ ဟိုကလေးနှစ်ယောက်က လှည့်ကြည့်တော့ သူ့ကို ဖမ်းသွားတာကို မြင်ခဲ့ရတယ်လို့ ပြောပါတယ်” ဟု ပြောဆိုသည်။

ယခုအခါ ပြင်ယောင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သူ၏ မိဖနှစ်ဦးစလုံးမှာ မြောက်ဦးမြို့သို့ သွားနေကြပြီး တပ်ရင်းသို့ သွားရောက်ပြီး အကျိုးအကြောင်း သွားရှင်းပြမည်ဟု ဟု၎င်းက ပြောဆိုသည်။

January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...