မြန်မာပြည်လာမည့် တရုတ်သမ္မထံ နမ့်ခမ်းပြည်သူများ BRI စီမံကိန်း ကန့်ကွက်ကြောင်း စာထုတ်

မြန်မာပြည်လာမည့် တရုတ်သမ္မထံ နမ့်ခမ်းပြည်သူများ BRI စီမံကိန်း ကန့်ကွက်ကြောင်း စာထုတ်
 Photo by Standard Time Daily
Photo by Standard Time Daily

တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာပြည် သို့ လာရန် တရက် အလိုတွင် ပိုးလမ်း (BRI) စီမံကိန်း ကိစ္စ ကန့်ကွက်ကြောင်း နမ့်ခမ်းပြည်သူများ က သဘောထားထုတ်ပြန်ခဲ့သည်။

တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံကို ဇန်နဝါရီ ၁၇ ရက်နေ့တွင် ရောက်ရှိမည်။

ထို့ကြောင့် တရုတ်သမ္မတ မလာခင် တရက်အလိုတွင် သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့ ပြည်သူများက ဇန်နဝါရီ ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ကန့်ကွက်သည့် အဖွဲ့(၅)ဖွဲ့သည် နမ့်ခမ်းမြို့နယ် မြို့မိ မြို့ဖ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မြို့နယ် တောင်သူလယ်သမားများအသင်း၊ လူမှု ညီညွတ်ရေး အသင်း နှင့် ရှေးဟောင်း အမွေအနှစ်နှင့် သမိုင်း ဝင်နေရာများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အသင်း တို့ ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံသည် ဒီမိုကရေစီ သက်တမ်း နုနေသေးသည့် အချိန်ဖြစ်ပြီး၊ အစိုးရသက်တမ်း နှစ်ဆက်အတွင်း ပြည်သူလူထု အပေါ် တာဝန်ယူမှု၊ တာဝန်ခံပေးနိုင်မှု အားနည်းခြင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး မရရှိနိုင်သေးခြင်း စသည့် အနေအထား တည်းရှိနေသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် BRI (Belt Road Initiative) စီမံကိန်း လုပ်ဆောင်မည်ဆိုပါက သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း၊ လူမှုရေးဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း များအတွက် မယုံကြည်ကြောင်း ထို့ကြောင်း ထိုစီမံကိန်းကို ကန့်ကွက်ကြောင်း ရေးသားဖော်ပြထားသည်။

“အခုတရုတ်နိုင်ငံသမ္မတကြီးလာလည်မယ်ဆိုတာကိုတော့လှိုက်လှိုက်လှဲလှဲကြို ဆိုတယ်။ ဒါမယ့်အဲဒီ  BRI ကိစ္စ ကို မြေယာတွေဆုံးရှုံးမှာကြောက်လို့  အရင်ကတည်းက အမြဲတမ်း ကန့်ကွက်လာ ခဲ့ တယ်။ ဘာလို့လဲဆိုတော့ ကျနော် တို့မြန်မာနိုင်ငံဟာလောလောဆယ် လိုအပ်ချက်တွေအများကြီးရှိနေသေးတယ်။ အရင်တုန်းက ဖြစ် သွားတဲ့ကိစ္စတွေမှာလည်းအစိုးရက ပြည်သူလူထုအပေါ် တာဝန်ယူမှုတာဝန်ခံမှု အားနည်းနေတဲ့ အပိုင်းမှာတွေ့ရတယ်။  EIA/SIA တွေ ကွင်းဆင်းပြီး ကောက်ယူရင်ပွင့်ပွင့်လင်းလင်း မေးမြန်းတာမျိုးမရှိခဲ့ဖူးဘူး။ ကျနော်တို့ဆီမှာလည်း အဲဒီအပိုင်းတွေမှာ အသိပညာရှင် အတတ်ပညာ မရှိသေးတော့ အဲတာ စောလွန်းတယ်လို့ မြင်ထားပါတယ်။      လူထုတွေအနေနဲ့ လယ်ယာမြေတွေဆုံးရှုံးမှာကိုအရမ်းစိုးရိမ်ကြလို့  ကျနော်တို့အဖွဲ့ ၅ ဖွဲ့ကအခုလို ကန့်ကွက်ကြောင်းကြေငြာချက်ထုတ်ပြန်လိုက်တာပါ။” – ဟု  ရှေးဟောင်းအမွေအနှစ်နှင့် သမိုင်းဝင်နေရာများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအသင်း နမ့်ခမ်းမြို့နယ် ဥက္ကဌ ဆရာစိုင်းအောင်ဝင်းက သျှမ်းသံတော်ဆင့်အားပြောသည်။

ထို့ပြင် ဇန်နဝါရီ ၁၅ရက်စွဲဖြင့် “ ဝ” ပြည်သူ့အစိုးရ ကလည်း တရုတ်သမ္မတ မြန်မာပြည် ခရီးစဉ်အတွက် ကြိုဆိုကြောင်း နှင့် တရုတ်နိုင်ငံ“ ပိုးလမ်းမ ရပ်ဝန်း တခု၊ လမ်းကြောင်း တခု နှင့် တရုတ်-မြန်မာစီးပွားရေး စင်္ကြံလမ်း” စီးမံကိန်း အမြန် ဆောင်ရွက်နိုင်ရန် မေတ္တာပို့အပ်ပါကြောင်း ရေးသားထားသည်။

“ ပိုးလမ်းမ ရပ်ဝန်းတခု၊ လမ်းကြောင်းတခု နှင့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြ ံလမ်း” စသည့် စီမံကိန်း တို့၏ စီးပွားရေး၊ ကုန်သွယ်ရေး အခြေခံ ဆောက်လုပ်ရေး ကဏ္ဍာများမှာ မြန်မာနိုင်ငံ မြောက်ပိုင်း ခေတ်နောက်ကျသော တိုင်းရင်းသားဒေသများ တွင် စောလျင်စွာ အကျိုးသက်ရောက်စေရန် ဆုတောင်းမေတ္တာပို့အပ်ကြောင်းရေးသားထားသည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော် သမ္မတ ရှီကျင့်ဖျင်သည် ဇန်နဝါရီ ၁၇ ရက်တွင် မြန်မာ- တရုတ် ဆက်ဆံရေး နှစ် (၇၀) ပြည့် အခမ်းအနားနှင့် မြန်မာ- တရုတ် နှစ်နိုင်ငံ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေး နှစ် စတင်ခြင်း အခမ်းအနား ကိုလာရောက်ခြင်းဖြစ်သည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...