ညီညွတ်ရေးမလိုလားသူများပါတီမှနုတ်ထွက်ကြရန် မွန်လူငယ်များဆန္ဒထုတ်ဖော်တောင်းဆို

ညီညွတ်ရေးမလိုလားသူများပါတီမှနုတ်ထွက်ကြရန် မွန်လူငယ်များဆန္ဒထုတ်ဖော်တောင်းဆို
by -
မွန်သတင်းအေဂျင်စီ
မွန်တိုင်းရင်းသား နိုင်ငံရေးပါတီများ မပေါင်းစည်းနိုင်ခြင်းမှာ ညီညွတ်ရေး မလိုလားသည့် ခေါင်းဆောင်အချို့ကြောင့် ဖြစ်ပြီး၊  ၎င်းတို့အနေနှင့် ပါတီမှ နှုတ်ထွက်ကြရန် မွန်လူငယ်များက “မွန်တစ်ပါတီတည်း ဖြစ်မြောက်ရေး လူထုလှုပ်ရှားမှု” တစ်ရပ်တွင် ကြွေးကြော်တောင်းဆိုခဲ့ကြသည်။

ရေးမြို့နယ် မွန်လူငယ်ကွန်ရက်က ဦးဆောင်ပြီး လမိုင်း၊ မော့ကနင်၊ တောင်ဘုံ၊ သာယာကုန်း စသည့် ကျေးရွာ ၂၁ ရွာမှ လူငယ် ၃၅၀ ခန့်တို့က ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့လည်ပိုင်းတွင် မော့ကနင်ကျေးရွာ ဘောလုံးကွင်းတွင် စုဝေးဟောပြောပြီးနောက် လမိုင်းမြို့ ဘောလုံးကွင်းသို့ လမ်းလျှောက်ချီတက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

မော့ကနင်ကျေးရွာ ဘောလုံးကွင်းတွင် ဟောပြောသူ မင်းဇော်မင်းထွန်း က “ညီညွတ်ဖို့ ကျနော်တို့ မွန်လူငယ်တွေ အကြိမ်ကြိမ် တောင်းဆိုနေပေမဲ့ ဒီအချိန်ထိ ပါတီတာဝန်ရှိသူတွေ ဥပေက္ခာပြုနေတုန်းပဲ” ဟု ဟောပြောရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ချီတက်ရာလမ်းတလျှောက်တွင် “ညီညွတ်ရေး မလိုလားသူတွေ ပါတီကနေ အနားယူပါ၊ နှုတ်ထွက်ပါ” “စေ့စပ်ညှိနှိုင်းအဖွဲ့ ဖြောင့်မတ်ရမည်၊ ပြတ်သားရမည်၊ လူထုဆန္ဒကို လိုက်နာရမည်”

 “လူမျိုးမျက်နှာကို ညှာတာထောက်ထားရင် ရဲရဲဝံ့ဝံ့ ပေါင်းစည်းကြပါ” “မွန်သုံးပါတီ ကွဲတာ အလိုမရှိ”ဟူသည့် ကြွေးကြော်သံဖြင့်  ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအလွန်တွင် မွန်တိုင်းရင်းသား နိုင်ငံရေးပါတီ နှစ်ပါတီ ဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီ (ယခင် မွန်ဒီမိုကရေစီပါတီ) တို့အား တစ်ပါတီအဖြစ် ပေါင်းစည်းကြရန် သံဃာတော်များ၏ ဦးဆောင်မှုဖြင့် လပေါင်း ၃၃ လတိတိ စေ့စပ်ညှိနှိုင်းခဲ့ကြသော်လည်း မအောင်ခဲ့သည့်အပြင် အမျိုးသမီးပါတီ (မွန်) ဟူသည့် မွန်ပါတီတစ်ခု ထပ်မံပေါ်ပေါက်လာသည်ကို တွေ့ရှိရသည်။

ပေါင်းစည်းရေး ညှိနှိုင်းမှု မအောင်သည့်နောက် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်တစ်ခုအတွင်း အချင်းချင်းယှဉ်ပြိုင်ခြင်း မပြုရန်နှင့် ပါတီခေါင်းဆောင်းအချင်းချင်း ဆွေးနွေးအဖြေရှာရန် M23 အဖွဲ့က ပါတီ ၂ ခုသို့ စာရေးသား ပေးပို့ခြင်း၊ ပါတီခေါင်းဆောင်များအား သွားရောက်တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သော်လည်း မအောင်မြင်သည့်အတွက် ရွေးကောက်ပွဲတွင် မွန်ပါတီများ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အထက်ပါမွန် ၂ ပါတီအပြင် အမျိုးသမီး(မွန်)တို့မှ ကိုယ်စားလှယ်လောင်းပေါင်း ၈၅ ဦးခန့် ယှဉ်ပြိုင်ခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ် ၄ ဦးသာ ရရှိခဲ့သည်ကို တွေ့ရှိရသည်။

“နွားကွဲရင် ကျားဆွဲတယ်ဆိုတဲ့ ပုံစံမျိုးပေါ့နော်၊ တခြားပါတီတွေ ဝင်လာတယ်၊ စည်းရုံးတယ်၊ (မွန်တွေ) သုံးပါတီ ဖြစ်နေတဲ့အတွက် ဒေါသတွေ ဖြစ်ပြီး ဘယ်သူ့ကိုမှ မပေးတော့ဘူးဆိုပြီး တခြားပါတီတွေကို ပေးလိုက်ကြတယ်။ နောက်ဆို ဒီလိုမျိုး ဆက်မဖြစ်ဖို့ အခုကတည်းက လုပ်တာ” ဟု ဆန္ဒထုတ်ဖော်သူတစ်ဦး ဖြစ်သည့် သာယာကုန်းကျေးရွာမှ မိစုစုမွန် က ပြောသည်။

မွန်လူငယ်များအနေနှင့် ၂၀၁၇ ခုနှစ်အတွင်း မွန်တိုင်းရင်းသားပါတီများ ပေါင်းစည်းနိုင်ရေးအတွက် ကြိုးပမ်းသွားမည် ဖြစ်ပြီး၊ ပါတီခေါင်းဆောင်များအနေနှင့် ၂၀၁၅ ရွေးကောက်ပွဲကို သင်ခန်းစာယူပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ထိုကဲ့သို့ မဖြစ်ပွားရန် ဆက်လက်ဖိအားပေး ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်သွားမည်ဟု ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူတစ်ဦး ဖြစ်သည့် နိုင်မြင့်ထွန်းက “ဒီပွဲပြီးသွားရင်လည်း ဒီအတိုင်း သွားနေမှာ မဟုတ်ဘူး။ ပါတီတွေ မပေါင်းသရွေ့တော့ ကျနော်တို ့ဆန္ဒထုတ်ဖေါ်သွားမယ်။ ပါတီခေါင်းဆောင်တွေအနေနဲ ့ကိုယ့်အတ္တကို လျော့ပြီး အများအကျိုးအတွက် ညီညွတ်ပေးကြပါ” ဟု ပြောသည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...