IDP ကျောင်း ၂၀ ကျော် စုံညီပွဲတော် စုပေါင်းပြုလုပ်

IDP ကျောင်း ၂၀ ကျော် စုံညီပွဲတော် စုပေါင်းပြုလုပ်

ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP) စာသင်ကျောင်းပေါင်း ၂၀ကျော်မှ ကျောင်းသားများ စုံညီပွဲတော်ကို KNU-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် နိုဝင်ဘာ ၁၈ ရက် မှ ၂၂ နေ့အထိ ကျင်းပလျက်ရှိသည်။

စစ်ဘေးရှောင် IDP ကလေးငယ်များ၏ ပညာရေးဆိုင်ရာ အခက်အခဲများနှင့် ကျောင်းသားမိဘများ၏ မိမိသား သမီးများအပေါ် ပညာသင်စေလိုသည့် စိတ်ဓါတ်ဖြစ်ပေါ်မြင့်တက်လာစေမည့် ခြေလှမ်းတစ်ရပ် အနေဖြင့် ယခု လို ကျောင်းသားစုံညီပွဲတော်ကို ပြုလုပ်ကျင်းပရခြင်းဖြစ်သည်ဟု ပွဲကို ဦးဆောင်စီစဉ်သူ စောရိန်းဘိုးက ပြော သည်။

၎င်းက  “ကျောင်းတွေက အုပ်ချုပ်မှု မတူညီတဲ့ နေရာဒေသမှာရှိနေတယ်။ အစိုးရ အုပ်ချုပ်မှုအောက်ကကျောင်း တွေဆိုလည်း သဘောထားက တစ်မျိုးဖြစ်နေမယ်။ ကရင်အုပ်ချုပ်မှုအောက်က ကျောင်းတွေဆိုလည်း တစ်မျိုး ပေါ့။ ဒါပေမဲ့ ကရင်လူမျိုးတွေပဲဖြစ်တယ်။ ကျနော်တို့ရည်ရွယ်တာက တစ်စိတ်တစ်ဝမ်းထဲဖြစ်လာဖို့နဲ့ အချင်း ချင်းနားလည်မှုပိုရရှိလာဖို့ ဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

နှစ်စဉ် နိုဝင်ဘာလတွင် ကျင်းပလေ့ရှိသည့် ၎င်းကျောင်းသားများ စုံညီပွဲတော် အစီအစဉ်ကို ယခုနှစ်များတွင် ပူးပေါင်းပါဝင်လာသည့် ကျောင်းများ ပိုမိုများပြားလာပြီး နှစ်စဉ်တိုးတက်မှုများရှိနေခြင်းအပေါ် လာမည့် အနာ ဂတ်တွင် ကျောင်းသား စုံညီပွဲတော်နေ့တစ်နေ့အဖြစ် သတ်မှတ်သွားနိုင်ရန်ကိုလည်း ရည်ရွယ်ထားကြောင်း စောရိန်းဘိုးက ဆက်ပြောသည်။

ယခင် ပဋိပက္ခကာလတွင်း စစ်ဘေးရှောင်ခဲ့ရသည့် IDP ကလေးငယ်များသည် ပညာကောင်းစွာ မသင်ကြား ခဲ့ရဘဲ ကျောင်းသားမိဘများအနေဖြင့်  မိမိသားသမီးများကို ကျောင်းပို့ရန် စိတ်အားထက်သန်မှု အားနည်းခဲ့ခြင်း ကြောင့် ယခုလို အစီအစဉ်မျိုးများပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု ဦးဆောင်သူများက ဆိုသည်။

၅ ရက်တာ ပြုလုပ်နေသည့် စုံညီပွဲတော်သို့ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဋ္ဌာန (KECD) ထိန်းချုပ်မှုအောက်ရှိ စေဖိုးခီး၊ ကလေ့မို့ခီး၊ ကလေ့ဖိုးကလိုး၊ မယ့်လာအားခီး၊ မယ့်လာအားထာ့၊ နိုဘိုး၊ မယ်ကဲ၊ ဘိုဘော်လေး၊ ထီးတိုတော် ၊ မော်ဖိုးကေနှင့် ပယ်ခို စသည့် ကျောင်းများအပါအဝင် စုစုပေါင်း ကျောင်း ၂၀ ကျော်မှ ကျောင်း သူ၊ ကျောင်းသား (၆၀၀) ကျော်ပါဝင်ပြီး ဘောလုံး၊ ဘော်လီဘောစသည့် အားကစားပြိုင်ပွဲများအပြင် ဂီတ၊ ရိုးရာယဉ်ကျေးမှုအက စကားရည်လုပြိုင်ပွဲ အစီအစဉ်များထည့်သွင်းပြုလုပ်ပေးသည်။

မော်ဖိုးကေ ကျေးရွာမှ ဆဋ္ဌမတန်းကျောင်းသူ နော်ဝါးနေဖောက “ ကျမဒီကိုလာဖြစ်တာ ၃နှစ်ရှိပြီး။ အရမ်း ပျော်ဖို့ကောင်းတယ်။ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသား ရင်းနှီးကျွမ်းဝင်မှုတွေရသလို ကျောင်း သား အချင်းချင်းကြားမှာလည်း ရင်းနှီးမှုတွေ ရလာတယ်။ ပြန်သွားရင်တောင်မှ ဒီအကြောင်းတွေ ပဲပြန်ပြန် ပြောမိတယ်။ ပျော်ဖို့ကောင်းသလိုပဲ ဒီလို စုံညီပွဲတော်မျိုးကို နောင်လာမဲ့ မျိုးဆက်တွေအထိပါ ဆက်ရှိနေဖို့ မျှော်လင့်တယ်” ဟု ပြောသည်။

ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP) စာသင်ကျောင်းများ ကျောင်းသား စုံညီပွဲတော်ကို ၂၀၀၂ ခုနှစ်မှစ၍ နှစ်စဉ် နိုဝင်ဘာလရောက်တိုင်း အစဉ်အလာမပျက် ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ၁၈ကြိမ်မြောက် ဖြစ်သည်။

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...