တပ် နည်းပညာတက္ကသိုလ် တိုက်ခံမှုနှင့် ဆက်စပ် ဖမ်းခံထားရသူ နှစ်ဦး အာမခံဖြင့် ပြန်လွတ်

တပ် နည်းပညာတက္ကသိုလ် တိုက်ခံမှုနှင့် ဆက်စပ် ဖမ်းခံထားရသူ နှစ်ဦး အာမခံဖြင့် ပြန်လွတ်
ဓာတ်ပုံ - Sai Waiyan facebook page
ဓာတ်ပုံ - Sai Waiyan facebook page

ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်သည် ဆိုသော သံသယဖြင့်  ဖမ်းဆီးထားသည့် ရှမ်းတိုင်းရင်းသားပရဟိတ ကျောင်းဆရာနှစ်ဦးကို ယမန်နေ့ (စက်တင်ဘာ ၂) ည ၈ နာရီခန့်က အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

“သူတို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အရ အမှုဖွင့်လိုက်တယ်၊ အမှုက အာမခံပေးလို့ရတဲ့ ပုဒ်မ ဖြစ်တဲ့အတွက်ကြောင့် ညက အာမခံ ဆောင်ရွက်ပေးလိုက်ပါတယ်”ဟု ပြင်စာရဲစခန်းမှ ဒုရဲအုပ် ရဲမောင်က ပြောသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ မှာ လိုင်စင်ရယူပြီးမှသာ အသုံးပြုရန် သတ်မှတ်ထားသော ဆက်သွယ်ရေးပစ္စည်း တစ်ခုခုကို လိုင်စင်မရှိဘဲ လက်ဝယ်ထားရှိခြင်း၊ အသုံးပြုခြင်းကြောင့် စွဲဆိုသော ပုဒ်မဖြစ်ပြီး၊ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

သို့သော် စစ်ဆေးတွေ့ရှိမှုအပါအဝင် တရားစွဲဆိုရသည့် အကြောင်းအရင်း အသေးစိတ်ကိုမူ မသိရှိကြောင်း၊ တရားရုံးတင်မည့်ရက်ကိုလည်း မပြောနိုင်သေးကြောင်း အဆိုပါဒုရဲအုပ်က ဆိုသည်။

ဩဂုတ်လ ၁၅ ရက်နေ့က တပ်မတော်နည်းပညာတက္ကသိုလ် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ပြင်ဦးလွင်မြို့နယ် ဖောင်းတောရပ်ကွက်တွင် နေထိုင်သော စိုင်းခွန်မိုင်းနှင့် စိုင်းလင်းဆင့်တို့ ညီအစ်ကိုနှစ်ဦး၏ နေအိမ်သို့ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့က လာရောက်ရှာဖွေရာ မသင်္ကာဖွယ်ရာ ပစ္စည်းများတွေ့ရှိ၍ စစ်ဆေးမည်ဟုဆိုကာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က ၎င်းတို့၏ နေအိမ်အိပ်ခန်းမှ စကားပြောစက်၊ ပြောက်ကျားအိပ်ရာခင်း၊ လက်ပ်တော့၊ ပန်းပင်ညှပ်သည့်ပလာယာ၊ နိုင်ငံကူးလက်မှတ်တို့ကို သိမ်းယူခဲ့ပြီး အသက်၂၈နှစ်အရွယ် စိုင်းခွန်မိုင်းအား ဩဂုတ်လ ၁၇ ရက်ညတွင် ဖမ်းဆီးခဲ့ပြီး အသက် ၂၄ နှစ်အရွယ် စိုင်းလင်းစင့်ကို ၁၉ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“အာမခံဆောင်ရွက်တာ အာမခံရခဲ့တယ်။ ဆက်သွယ်ရေးပုဒ်မ ၆၇ နဲ့ တရားစွဲတယ်။ စစ်ဆေးတုန်းက ခြိမ်းခြောက်စစ်ဆေးတာတွေ မရှိပါဘူး၊ ရုံးချိန်းတွေဘာတွေ ဘာမှမသိရသေးဘူး” ဟု ၎င်းတို့၏ဖခင် စိုင်းစောလှကပြောသည်။

စိုင်းခွန်မိုင်းနှင့် စိုင်းလင်းစင့်တို့ ညီအစ်ကိုနှစ်ဦးမှာ ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့တွင် တည်ရှိသည့် ‌‌‌ကော်တိုင်းကျောင်းမှ ကျောင်းဆရာများဖြစ်ပြီး၊ စိုင်းခွန်မိုင်းက ၂၀၀၇ ခုနှစ်၊ စိုင်းလိုင်းစင့်က ၂၀၀၉ ခုနှစ်မှ စတင်ကာ ကျောင်းဆရာအဖြစ် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ကော်တိုင်းကျောင်း တည်ထောင်သူ စိုင်းဘုန်းခေါင်က ရှင်းပြသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...