လက်နက်ကြီးကျည်မှ ကျည်စထိမှန်သေဆုံးသည့် ရွာသားအတွက် တရားမျှတမှုရှိစေရေး တာဝန်ယူဆောင်ရွက်ပေးရန် SHRF တောင်းဆို

လက်နက်ကြီးကျည်မှ ကျည်စထိမှန်သေဆုံးသည့် ရွာသားအတွက် တရားမျှတမှုရှိစေရေး တာဝန်ယူဆောင်ရွက်ပေးရန် SHRF တောင်းဆို

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း ရွာသားတဦး လက်နက်ကြီးထိမှန်သေဆုံးမှုသည် အစိုးရ တပ်မတော် ခလရ ၆၈ မှပစ်လွှတ်သော လက်နက်ကြီးဖြစ်သဖြင့် သေဆုံးသူ၏ကျန်ရစ်သူမိသားစုများအတွက် တရားမျှတမှုဖြစ်စေရေးတာဝန်ယူဆောင်ရွက်ပေးသင့်ကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ပြောဆိုလိုက်သည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အစိုးရတပ်မတော်တို့ကြားတိုက်ပွဲကြောင့် သြဂုတ်လ ၁၇ ရက်နေ့က အစိုးရတပ်မတော် ခလရ ၆၈ မှ ဗိုလ်မှူးအောင်ကြီးဦးဆောင်သော အင်အား ၅၀ ခန့်သည် ရွာသားများ စစ်ရှောင်ခိုလှုံနေသော လားရှိုးမြို့နယ် ကုန်းဆာ ကျေးရွာ ဘုန်းကြီးကျောင်း အတွင်းဝင် ရောက် အခြေချ ပြီးလက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသား လုံးစိုင်းအေး ကျည်စထိမှန် သေဆုံးခဲ့ရသည်။

လုံးစိုင်းအေး၏ ကျန်ရစ်သူမိသားစုများ (ဇနီးနှင့် လူမမယ် အမွှာသားသမီး) ဆက်လက်ရပ်တည်နိုင်ရေးအတွက် တရားမျှတမှုရှိစေလိုကြောင်း သြဂုတ်လ ၂၉ ရက်နေ့က ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ကြေငြာချက်ထုတ်ပြန်လိုက်သည်။

SHRF ပြောခွင့်ရ စိုင်းဟော်ရှဲန် က – “ဒါဟာ စစ်တပ်ကနေပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် အပြစ်မဲ့ရွာသား ထိခိုက်သေဆုံးရတာဖြစ်တယ်။ သူ့ရဲ့ကျန်ရစ်တဲ့ မိသားစုဝင်တွေ ၊ လူမမယ်ကလေးတွေအတွက် တရားမျှတမှုရှိစေချင်တယ်။ အစိုးရကနေ ဒီအတွက်တာဝန်ယူဆောင်ရွက်ပေးပါ။ ရပ်ရွာလူထု ထိခိုက်ပျက်စီးအောင်လုပ်တဲ့ လက်သည်ဖြစ်တဲ့စစ်တပ်ကိုလည်း ပြစ်ဒဏ်ချပေးပါ လို့တောင်းဆိုချင်တယ် ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

လက်နက်ကြီးစ သည် ရွာစောင့်တာဝန်ကျ ရွာသားဦးလုံးအေး အသက် ၅၀ ကျော်၏ ရင်ဘတ်တွင်ထိမှန်သဖြင့် နေရာတွင်ပင်ပွဲချင်းပြီးသေဆုံးခဲ့သည်။ အစိုးရတပ်မတော်သည် ဘုန်းကြီးကျောင်းဝင်းအတွင်းနေပြီး တညလုံးပစ်ခတ်သဖြင့် သေဆုံးသူဦးလုံးအေး၏ရုပ်အလောင်းကိုလည်း ရွာစောင့်ရွာသားတချို့သွား မယူရဲကြကြောင်း၊ မနက်မိုးလင်းမှသာ လားရှိုးမှ ကူညီကယ်ဆယ်ရေးအဖွဲ့က သွားရောက်သယ်ဆောင် နိုင်ခဲ့ကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ကြေငြာချက်တွင်ရေးသားဖော်ပြထားသည်။

“အစိုးရတပ်က လက်နက်ကြီးတွေကို ကြိုက်တဲ့ဘက်ကို ပစ်ခတ်နေတော့ လူတွေနေအိမ်တွေထိခိုက်တယ် ၊ဒါဟာ စစ်ကျင့်ဝတ်နဲ့လည်းမညီသလို NCA မှာလည်း လူထုလုံခြုံရေးအခန်းမှာပါတဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို လူထုရဲ့ပိုင်ဆိုင်မှုကို ဖျက်ဆီးခြင်းမှရှောင်ရှားဖို့ ဆိုတဲ့အချက်နဲ့ ဒေသရပ်ရွာအတွင်းရှိ စာသင်ကျောင်း၊ ဆေးရုံ ဆေးခန်းတွေ လူထုကိုးကွယ်ယုံကြည်ရာ ဘုန်းကြီးကျောင်း၊ ဘုရားဝတ်ပြုကျောင်းတွေမှာ တပ်စခန်းချခြင်းမှရှောင်ရှားရန် ဆိုတဲ့အချက် ။ အဲတာတွေလည်း အစိုးရတပ်မတော်ကိုယ်တိုင် ကျူးလွန်လုပ်ဆောင်နေတယ် ” – ဟု စိုင်းဟော်ရှဲန်က ပြောသည်။

အစိုးရစစ်တပ်ပစ်ခတ်သော လက်နက်ကြီးများသည် ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ ၄င်း ရွာသားသေဆုံးမှုနှင့်ပတ်သက်ပြီး သတင်းမထွက်အောင်လည်း ရွာအကြီးအကဲများအားပြောကြားကြောင်း SHRF ကဆိုပါသည်။

လက်နက်ကြီးစထိမှန်သေဆုံးသော ဦးလုံးအေး အသက် ၅၂ သည် ဇနီးဒေါ်နန်းကိန် နှင့် အသက် ၁၃ နှစ်အရွယ် အမွှာသားနှင့်သမီး တို့ကျန်ရစ်ခဲ့သည်။

ကုန်းဆာရွာသည် လားရှိုးမြို့အရှေ့မြောက်ဘက်တွင်တည်ရှိပြီး ကုန်းဆာအုပ်စုအတွင်းရှိ ကျေးရွာဖြစ်ပါသည်။ အိမ်ခြေ ၉၂ ၊ လူဦးရေ ၄၂၇ ဦးရှိပါသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...